ကြိုးမိန့်ပေးမည့်သတင်းနှင့်ပတ်သက်ပြီး Red News Agency ၏သတင်းမှားယွင်းမှုအပေါ် ဝမ်းမြောက်ခြင်း ထုတ်ပြန်ချက်

 16/6/2022

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့် NLDလွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာ သော်တို့အပေါ် အာဏာသိမ်းစစ်ကောင်းစီက သေဒဏ်ပေးထားပြီး ဇွန်လ ၁၆ ရက်နေ့ နံနက် ၄ နာရီတွင် အင်းစိန်အကျဉ်းထောင်အတွင်း ကြိုးမိန့်ပေးမည်ဟု Red News Agency သတင်းဌာန ဇွန်လ ၁၅ ရက်နေ့ ညပိုင်းက ဖော်ပြခဲ့သည့် သတင်းအတွက် သတင်းမှားဖြစ်နေသည််ဟု စာဖတ်ပရိတ်သတ်အများ ပြောဆိုနေမှု အပေါ် Red News Agency သတင်းဌာန အဖွဲ့သားများက ဝမ်းမြောက်ကြောင်း ထုတ်ပြန်အပ်ပါသည်။

Red News Agency သတင်းဌာနအနေဖြင့် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာ်သော်တို့ကို ကြိုးမိန့်ပေးမည်ဟု သတင်းရင်းမြစ်က ပေးပို့လာချိန်တွင် ဖော်ပြရန် သင့် မသင့် အချိန်ယူစဉ်းစားခဲ့ပါသည်။ ပေးပို့လာသည့် သတင်းရင်းမြစ်သည် ယခင်သတင်းပေါင်းများစွာ မှန်ကန်ခဲ့ပါသည်။ သတင်းဌာနအနေဖြင့် သတင်းရင်းမြစ်ကို ယုံကြည်မှု အပြည့်အဝရှိပါသည်။ ထို့ကြောင့် တစ်ကမ္ဘာလုံးက အကြမ်းဖက် စစ်ကောင်စီက သေဒဏ် အတည်ပြုထားသည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် လေးဦးကို သေဒဏ်ပယ်ဖျက်ရန် တောင်းဆို နေသည်ကတစ်ကြောင်း၊ မိသားစုများနှင့် တွေ့ခွင့်မရသလို ယနေ့ အချိန်ထိ မည်သည့်နေရာတွင် ထားရှိပြီး မည်သို့ကြုံတွေ့နေရသည်ကို မည်သူတစ်ဦးတစ်ယောက်မှ အတည်ပြုပြောကြားနိုင်ခြင်း မရှိသေးသည်က တစ်ကြောင်း၊ ဒီမိုကရေစီရေး လိုလားသည့် ပြည်သူများနှင့်အတူ Red News Agency သတင်းဌာန အဖွဲ့သားများကလည်း စိတ်ပူမိပြီး အများပြည်သူ သိသင့်သိထိုက်သည့် သတင်းဖြစ်သည်ဟု ယူဆကာ ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ယနေ့ ဇွန်လ ၁၆ ရက်နေ့အထိ ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ မည်သို့ကြုံတွေ့နေရပြီး မည်သည့် နေရာထားရှိကာ အခြေအနေအရပ်ရပ်ကို စစ်ကောင်စီအပါအဝင် မိသားစုဝင်များနှင့် သတင်းမီဒီယာအားလုံး တိတိကျကျပြောဆိုနိုင်ခြင်း ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပါ။ စစ်ကောင်စီကလည်း တိတိကျကျ ပြောဆိုထားခြင်းမရှိသလို အကျဉ်းဦးစီးဌာနကလည်း မိသားစုနှင့်ပါ တွေ့ခွင့်မပေး အဆက်အသွယ် လုပ်ခွင့် မရသည့်အနေအထား ဖြစ်နေပါသည်။ Red News Agency သတင်းဌာနအနေဖြင့် ယခုလို အခြေအနေမျိုးမှာ အရေးကြီးပြီး ဆုံးဖြတ်ရခက်သည့်အနေအထားနှင့် ပြည်သူလူထု သိသင့်သိထိုက်သည့် သတင်းဖြစ်သည့် အတွက် ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။

ယင်းသို့ သတင်းဖော်ပြပြီးနောက် ယနေ့ နံနက်အထိ အခြေအနေအသေးစိတ်ကို တိတိကျကျ ထွက်ပေါ်လာခြင်း မရှိသေးသည်မှာ အားလုံးအသိဖြစ်သည်။ သတင်းမှားသွားသည့်အတွက် သတင်း ဌာနအဖွဲ့သားများ ဝမ်းသာမိသော်လည်း သက်ဆိုင်ရာ မိသားစုနှင့် မိတ်ဆွေများ၊ နိုင်ငံရေးလုပ်ဖော်ကိုင် ဖက်များနှင့် ပြည်သူများကို စိုးရိမ်သည့်အနေအထားနှင့် စိတ်ပူပန်စေမိသည့်အတွက် ကျေနပ်သည် အထိ တောင်းပန်အပ်ပါသည်။

Red News Agency သတင်းဌာနတည်ထောင်သူသည် နိုင်ငံရေးအကျဉ်းသားဟောင်း သတင်းသမား တစ်ဦးဖြစ်သည့်အတွက် ကိုဂျင်မီ၊ကိုဖြိုးဇေယျာ်သော်အပါအဝင် ဖမ်ဆီးခံထားရသူများ၊ ကျဆုံး သွားသည့် သူရဲကောင်းများအတွက် များစွာဝမ်းနည်းရပါသည်။ နွေဦးတော်လှန်ရေး မစခင်ကတည်းက Red News Agency သတင်းဌာနသည် ပြည်သူ့ဘက်မျက်နှာမူပြီး ဖက်ဒရယ်ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့် အရေး သတင်းများကို ထုတ်လုပ်ရန် NLD အစိုးရလက်ထက်မှာ တရားဝင် မှတ်ပုံတင်ပြီး ပြည်သူများအတွက် သတင်းဝန်ဆောင်မှုပေးနေခြင်းဖြစ်သည်။ ယနေ့ မြန်မာနိုင်တွင် ကြုံတွေ့ နေရသည့် စစ်အာဏာရှင် စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် လက်နက်ကိုင်တော်လှန်ရေး လုပ်ဆောင် နေသူများ၊ လမ်းမထက်က တိုက်ပွဲခေါ်သံပေးပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအားလုံးနှင့် ဒီမိုကရေစီရေးလိုလားသည့် ပြည်သူများနှင့် ထပ်တူရှိကြောင်းမှာ Red News Agency သတင်းဌာန တွင် ဖော်ပြနေသည့် သတင်းများက သက်သေခံ လျှက်ရှိပါသည်။

Red News Agency သတင်းဌာနသည် ပြည်သူ့ဘက်ကရပ်သည့် သတင်းဌာနဖြစ်ကြောင်းနှင့် စစ်ကောင်စီ၏ သေဒဏ်အတည်ပြုမှုအပါအဝင် မတရားဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် အကျဉ်း ထောင်တွင်း အကျဉ်းချထားမှုကို လုံးဝလက်မခံကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် ပြည်တွင်းစစ်ပြီးဆုံးရေး၊ လူ့အခွင့်အရေး တန်းတူ ညီမျှရေး ဒီမိုကရေစီရေးတို့အတွက် တက်နိုင်သည့် နေရာက အထောက်အကူပြုနိုင်ရေး ကြိုးစားဆောင်ရွက်နေ ချိန် ယခုလို သတင်းမှားဖော်ပြမိသည့် အတွက် စာဖတ်ပရိတ်သတ်အား အထူးတောင်းပန်အပ်အကြောင်း အသိပေးလိုပါသည်။

အယ်ဒီတာအဖွဲ့  Red News Agency

ပင်မစာမျက်နှာ

rednewsagency@protonmail.com

By Editor