Red News Agency

Independent Journalism for Justice and Human Rights.

ပြည်သူ (၇) ဦးကျဆုံးမှု တနှစ်ပြည့် စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်နေ 

Written by

in

RNA_မတ်၃၊၂၀၂၂ခုနှစ်။

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများကို စစ်ကောင်စီလက်အောက်ခံများက ပစ်ခတ်သတ်ဖြတ်သည့်အတွက် တရက်တည်း (၇) ဦး ကျဆုံးခဲ့ရပြီး ယနေ့အထိ စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်နေကြောင်း သိရသည်။ 

“ဒီနေ့က ရက်ရက်စက်စက် လူတောထဲကို စက်သေနတ်နဲ့ ပစ်ခံရတဲ့နေ့ပေါ့ တရက်တည်း (၇) ယောက်ကျတယ် ၊ ဒဏ်ရာရတဲ့သူတွေ နောက်ရက်မှာ ဆက်ကျတာရှိတယ်၊ သွေးကြွေးဆိုတဲ့အတိုင်း အခုထိ မြို့နယ်ထဲမှာ ပူးပေါင်းလုပ်ဆောင်နေတာတွေရှိတယ်၊ ပြည်သူတွေ ထိတ်လန့်သလို ပြည်ဟူကို သတ်ဖြတ်ခဲ့တဲ့ကောင်တွေ အားပေးနေတဲ့ ဒလန်တွေဟာ အမြဲထိတ်လန့်နေရမယ်၊ ပြည်သူတွေအောင်ပွဲနဲ့အတူ ပြည်သူ့တရားစီရင်ရေးမှာ သစ္စာဖောက်တွေအတွက် နေရာမရှိစေရဘူး၊ ဘာတွေလုပ်နေတယ်ဆိုတာတော့ ပြောလို့မရဘူး လုပ်နေတယ် မြို့နယ်နေ လူထုသိတယ် ဒီလောက်ပါပဲ” ဟု မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးက ပြောသည်။

၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့ ညနေ မြောက်ဥက္ကလာပမြို့နယ်အတွင်း ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် ပစ်ခတ်ခံရသည့်အတွက် ကိုဖိုးချစ်၊ ကိုဇွဲထက်စိုး၊ ကိုအာကာမိုး၊ ကိုစည်သူရှိန်၊ ကိုမင်းဦး၊ ကိုထက်အောင်၊ ကိုရာဇာမင်း၊ ဦးထွန်းမောင်တို့ ကျဆုံးခဲ့ရပြီး၊ ဖြိုခွင်းခံရသည့်နေ့ ရရှိသည့် ဒဏ်ရာဖြင့် ၂ ဦးထပ်မံ ကျဆုံးခဲ့သေးကြောင်း၊ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသူများရှိကြောင်း သိရသည်။

ယနေ့သည် မြောက်ဥက္ကလာပမြို့နယ်တွင် ပြည်သူ (၇) ဦးကျဆုံးခဲ့ရပြီး မန္တလေးမြို့ ၈၄ လမ်းနှင့် လမ်း ၃၀ အကြား ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ကြယ်စင် (ခ) အိန်ဂျယ် နှင့် မုံရွာမြို့ အာဇာနည်လမ်းပေါ်မှာ ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် ပစ်ခတ်ခံရသည့်အတွက် ကဗျာဆရာ ကေဇဝင်း အပါအဝင် ပြည်သူ (၉) ကျဆုံးခဲ့ရသည့် (၁) နှစ်ပြည့်ဖြစ်သည်။

Red News Agency