NUG အစိုးရ စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေးခိုင်မာအားကောင်းစေရေး လုပ်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြား

RNA ၊ဖေဖော်ဝါရီ ၁၀ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရက စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေးခိုင်မာအားကောင်းစေရေးအတွက် လုပ်ဆောင်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေး (၃/၂၀၂၂) မှာ ပြောကြားလိုက်သည်။

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်က နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက စိုးမိုးထိန်းချုပ်နယ်မြေများတွင် အုပ်ချုပ်ရေးခိုင်မာ အားကောင်းစေရန် ကဏ္ဍစုံပေါင်းစပ်ဆောင်ရွက်နိုင်ရေးနဲ့ အုပ်ချုပ်ရေး ၊ကာကွယ်ရေးကိစ္စရပ်တွေလည်း ပေါင်းစပ်ဆောင်ရွက်နိုင် ရေးလိုအပ်တယ်လို့ ပြောကြားခဲ့သည်။

ဒါအပြင်ဒေသခံ ပြည်သူလူထုနဲ့ CDM တွေ ပူးပေါင်းဆောင်ရွက်နိုင်ရေးလည်း လိုအပ်တယ်ဆိုတာနဲ့ စည်းရုံံးရေး အားသာမှုများကို အခြေပြုပြီး အုပ်ချုပ်ရေးခိုင်မာအားကောင်းစေရန် ပြုလုပ်စေရေးနဲ့ ဗဟိုကော်မတီမှာ လုပ်ငန်းလိုအပ်ချက်အရ ထပ်မံချိတ်တွဲလုပ်ဆောင်ရမယ့် ဝန်ကြီးဌာနတွေကိုလည်း နောက်ပိုင်းမှာ ဖြည့်သွင်းပြီး ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းတွေကို အားကောင်းကောင်း ဆက်လက်လုပ်ဆောင်သွားမှဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

ပြည်သူ့လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ လိုအပ်တဲ့ ဘတ်ဂျတ်တွေ လျာထားသတ်မှတ်နိုင်ဖိုလိုတယ်ဆိုတာနဲ့ မြို့နယ်တွေရဲ့ လက်တ လောလိုအပ်ချက်တွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ဖို့လည်း လိုအပ်တယ်လို့ ဆိုသည်။

ဗဟိုကော်မတီ ဒုတိယဥက္ကဌ ၁ ဖြစ်သူ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အစည်းအဝေးကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ထားချက်တွေကို ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးမှာ “ကြားကာလ ပြည်သူ့ ရဲတပ်ဖွဲ့ ဥပဒေကြမ်း” ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ ဥပဒေကြမ်းကော်မတီသို့ တင်ပြနိုင်ရေး၊ ပြည်သူ့လုံခြုံရေးစီမံချက်များဆိုင်ရာလုပ်ငန်းတွေ၊ ဗဟိုကော်မတီ၏ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လိုအပ်တဲ့ ဘတ်ဂျတ်လျာထားတာ၊ ပြည်နယ်အတိုင်ပင်ခံကောင်စီတွေနဲ့ တွေ့ဆုံနိုင်ရေး စတဲ့ ဆုံးဖြတ်ချက် (၅) ရပ်နဲ့ ရှေ့လုပ်ငန်းစဉ် (၄) ရပ်တို့ကို အသေးစိတ်ဆွေးနွေး ဆုံးဖြတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြ ထားတာ တွေ့ရသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့်အတူ ဗဟိုကော်မတီ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည် ထောင်စုဝန်ကြီးများ၊ အတွင်းဝန်များ တက်ရောက်ခဲ့ကြပြီး နေ့လည် ၁၂း၂၀ နာရီအချိန်မှာ အစည်း အဝေးပြီးဆုံးခဲ့သည်။

Red News Agency

By Editor