ယနေ့ အသံတိတ်သပိတ်ကို အကျဉ်းထောင်အတွင်းမှ နိုင်ကျဉ်းများ ပါဝင်မည်

RNA_ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။

အကျဉ်း ထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ယနေ့ ပြည်သူတရပ်လုံးပါဝင်သည့် Silence Strike (အသံတိတ်သပိတ်) နိုင်ငံရေးလှုပ်ရှားမှုနှင့် ဒီမိုကရေစီရေးအတွက် ဂုဏ်ရောင်ပြောင်စွာ ကျဆုံးသွားသော အာဇာနည်များအား ၂မိနစ်ခန့် ငြိမ်သက်မတ်တပ် ရပ် အလေးပြုသွားမည်ဖြစ်ပါသည်ဟု ထောင်တွင်းရဲဘော်များ၏ ပေးစာတွင် ဖော်ပြထားသည်။

စစ်အာဏာရှင်စနစ် အာဏာရှင်စနစ် အပြီးတိုင်ချေမှုန်းရေးအတွက် အကျဉ်းထောင်တွင်း ရောက်နေသည့် ရဲဘော်များ၏ သဘောထားအပြည့်အစုံကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်သည်။

စစ်အာဏာရှင်စနစ်ဆိုးကြောင့် ကျွန်ုပ်တို့၏ အခြေခံရပိုင်ခွင့်များဆုံးရှုံးခဲ့တာ နှစ်ပေါင်း (၆၀)ကျော်ပြီဖြစ်သည်။ သမိုင်းတလျှောက်တွင် ၁၉၆၂ မှစ၍ စစ်အာဏာရှင်စနစ်ဆိုးကို ရဟန်းရှင်လူ ပြည်သူအပေါင်းနှင့် ကျွန်ုပ်တို့ကျောင်းသားထု အတူလက်တွဲပြီး နည်းအမျိုးမျိုးဖြင့် ဆန့်ကျင်တော်လှန်ခဲ့ကြသည်မှာ ယနေ့ထက်ထိတိုငဖြစ်သည်။ ကျွန်ုပ်တို့ အနေဖြင့်လည်း ယမန်နှစ် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ စစ်အာဏာသိမ်းမှုအပေါ် လက်မခံဘဲ ဆက်လက်ဆန့်ကျင် တော်လှန်နေမည်ဖြစ်သည်။

၁၉၅၈အတွင်း အိမ်စောင့်အစိုးရအမည်ခံကာ သန္ဓေတည်ခဲ့သည့် စစ်အာဏာရှင်စနစ်ဆိုးဟာ ၁၉၆၂ခုနစ်တွင် တော်လှန်ရေးကောင်စီအဖြစ်အသွင်ပြောင်းခဲ့ပြီး စစ်ဗျူရိုကရေစီယန္တရားနှင့် စစ်အုပ်စုစီးပွါရေးဟူသည့် ဒေါက်တိုင် (၂)ခုကို အသုံးပြုပြီး ၊ ၎င်းစနစ်ဆိုးကို ရေရှည်တည်တံ့စေခဲ့သည်။

ထို့နောက် ၁၉၇၄အခြေခံဥပဒေကို ရေးဆွဲခဲ့ကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် (မ၊ဆ၊လ ပါတီအဖြစ်) တပါတီ အာဏာရှင်စနစ်ကို ထူထောင်ခဲ့ပြီး အဖိနှိပ်ခံလူတန်းစားကို အခြေမခံသည့် ပြည်သူပိုင်သိမ်းမှုများလုပ်ဆောင်ခဲ့သည်။ ဖိနှိပ်မှုအသွင်သဏ္ဍာန် ပြောင်းလဲသွားပေမယ့် ဖိနှိပ်မှုများ လျော့ကျမသွားခဲ့ပေ။ မ၊ဆ၊လ ပါတီရဲ့ လမ်းစဉ် ဟာ ပြည်သူလူထု စားဝတ်နေရေး ကြပ်တည်းမှု၊ ဖိနှိပ်မှုများအပေါ် ဖြေရှင်းပေးနိုင်စွမ်းမရှိကြောင်း လူထုကသိမြင်လာသည့်အခါ ဩဂုတ်လ ၈ရက် ၁၉၈၈တွင် အုံကြွမှုများအဖြစ် လူထုတိုက်ပွဲဆင်နွှဲခဲ့သည်။

လူထုရဲ့ဘဝပေးအသိအမြင်အရ ပါတီစုံ ဒီမိုကရေစီစနစ်ကို အမြင့်ဆုံးနိုင်ငံရေးတောင်းဆိုချက်အဖြစ် တောင်းဆိုတိုက်ပွဲဝင်ခဲ့မှုကြောင့် မ၊ဆ၊လ ပါတီကို ဖြုတ်ချနိုင်ခဲ့ပေမဲ့ အာဏာရှင်စနစ်ဟာ ပျောက်ကွယ်မသွားခဲ့ဘဲ စက်တင်ဘာလ (၁၈)ရက် ၁၉၈၈တွင် န၊ဝ၊တ အမည်ခံကာ စစ်အာဏာသိမ်းမှု ထပ်မံ ဖြစ်ပွါးခဲ့သည်။

ထို န၊ဝ၊တ စစ်ထိပ်သီးခေါင်းဆောင်များ အချင်းချင်း ၎င်းတို့အကြိုးြိုးစီးပွါးအတွက် အာဏာလုယူမှုများ ဖြစ်ပွါးခဲ့ပြီးနောက် န၊အ၊ဖ အဖြစ်ပြောင်းလဲသွားခဲ့သည်။
န၊အ၊ဖ လက်ထက်တွင် စစ်အာဏာရှင်စနစ် ၊ စစ်ဗျူရိုကရေစီယန္တရားနှင့် စစ်အုပ်စုအကျိုးစီးပွါးကို ဆက်လက်တည်တံ့စေမည့် ၂၀၀၈အခြေခံဥပဒေကို ရေးဆွဲခဲ့သည်။

ယင်း အခြေခံဥပဒေကိုမူတည်ပြီး ၂၀၁၀တွင် ဟန်ပြရွေးကောက်ပွဲကျင်းပ၍ အရပ်သားအသွင်ပြောင်းအစိုးရကို တင်မြှောက်ခဲ့သော်လည်း စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှုများ ချုပ်ငြိမ်းမသွားခဲ့ပေ။ ၂၀၁၅ခုနှစ် လူထုကိုယ်စားပြု အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း ၂၀၀၈အခြေခံဥပဒေအားနည်းချက်ကြောင့် စစ်အုပ်စု၏အာဏာနှင့် စီပွါးရေးအဆောက်အအုံ တနည်း စစ်ဗျူရိုကရေစီယန္တရားနှင့် စစ်အုပ်စုစီးပွါးရေးတို့ကို ထိပါးယိုင်နဲ့စေနိုင်မည်ဖြစ်သဖြင့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရန်အလို့ငှါ ၂၀၂၀ ရွေးကောက်ပွဲရဲ့ မဲစာရင်းမသမာမှုဆိုသည့် အကြောင်းပြချက်ဖြင့် ၂၀၂၁ခုနစ်တွင် ၂၀၀၈အခြေခံဥပဒေနှင့်အညီဟုဆိုကာ စတုတ္ထအကြိမ်မြောက် အာဏာသိမ်းခဲ့ပြန်သည်။

ထိုစစ်အာဏာသိမ်းမှုကို လူထုတိုက်ပွဲများဖြင့် ဆန့်ကျင်တော်လှန်ခဲ့ကြသည်။ ၂၀၀၈အခြေခံဥပဒေဟာ စစ်အာဏာရှင်စနစ်ကို တည်မြဲနေစေမှန်း လူထုက လက်ခံလာခဲ့ပြီး စစ်အာဏာရှင်စနစ်ကျဆုံးရေး ၊၂၀၀၈ခြေဥဖျက်သိမ်းရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ထောင်ရေးဟူသည့် နိုင်ငံရေးတောင်းဆိုချက်များနှင့် လူထုတိုက်ပွဲများ ဖော်ဆောင်ခဲ့သည်။

အာဏာရှင်နှင့်လက်ပါးစေလူတစုက ထိုလူထုတိုက်ပွဲများကို အာဏာရှင်တို့၏ဖြေရှင်းနည်းအဟောင်းများအတိုင်း ရန်ငါစီးပြတ်စွာ အကြမ်းဖက် ဖြိုခွဲခြင်း၊ ညှင်းပန်းနှိပ် စက် ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထို့ကြောင့် ပြည်သူလူထုအနေဖြင့် ငြိမ်းချမ်းစွာ လူထုတိုက်ပွဲ ဖော်ဆောင်နေရုံဖြင့် စစ်အာဏာရှင်စနစ်ကို မတွန်းလှန်နိုင်ကြောင်း အချိန်တိုအတွင်း နားလည်သဘောပေါက်လာကြသည်။

ထိုအခါ ပြည်သူလူထုသည် ဘဝပေးအသိအရ ယမန်နှစ် မတ်လ ၂၇ရက်နေ့မှ စ၍ ထိပ်တိုက်ရင်ဆိုင်ရေးကို ရွေးချယ်ခဲ့ကြပြီး လူထုတိုက်ပွဲမှ လက်နက်ကိုင်တော်လှန်ရေးဆီသို့ အဆင့်မြင့်တင်ခဲ့ကြသည်။

ဗမာနိုင်ငံ၏ စစ်အာဏာရှစ်တော်လှန်ရေး သမိုင်းအစဉ် အဆက်တွင် ယခုကဲ့သို့ လက်နက်ကိုင်တော်လှန်ရေးအထိ (ကျောင်းသားထု၊ ပြည်သူလူထုအချို့၊ အဖိနှိပ်ခံတိုင်းရင်းသားများမှအပ ) အဆင့်မမြင့်တင်နိုင်ပဲ လူထုတိုက်ပွဲအသွင်ဖြင့်သာ ရပ်တန့်နေခဲ့ပြီး အာဏာရှင်တို့၏ သပ်လျှိုသွေးခွဲမှုနှင့် ဖိနှိပ်မှုများကြောင့် ပြိုကွဲသွားခဲ့ရသည်။

ယခုတော်လှန်ရေးတွင်မူ အဖိနှိပ်ခံလူထုတရပ်လုံးသည် ရန်ငါစည်း ပြတ်စွာဖြင့် လက်နက်ကိုင်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချေမှုန်းရေးနှင့် ကျူပင်ခုတ် ကျူငုတ်မကျန်စေရဆိုသည့်အတိုင်း စစ်ဗျူရိုကရေစီယန္တရားနှင့် စစ်အုပ်စုစီးပွါးရေးတို့ကို အလုံးစုံပြတ်သုဉ်းရေးဟူသည့် စစ်သုံးစစ်တိုက်ဖြတ်ရေးကို ဦးတည်ခဲ့ကြပြီဖြစ်သည်။ ထိုဦးတည်ချက်အတိုင်း အကောင်အထည်ဆက်လက်ဖော်ဆောင်ရမည့် အဆုံးသတ်သည် “စစ်အနိုင်တိုက် ၊ အာဏာသိမ်းယူခြင်း ” ပင်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ပြည်သူလူထုကို အခြေခံသည့် နိုင်ငံတော်တရပ်တည်ဆောက်မည်ဆိုလျှင် ပြည်သူလူထုလက်ထဲတွင် အာဏာရှိရမည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူ့အာဏာရရှိရေးသည် ပြည်သူတရပ်လုံး စည်းလုံးညီညွတ်စွာ ပါဝင်ရမည့်အရေးဖြစ်သည်။ လူထုတရပ်လုံးက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေသကဲ့သို့ စစ်ဗျူရိုကရေစီ ယန္တရားတခုဖြစ်သည့် အကျဉ်းထောင်အတွင်းသို့ ရောက်ရှိနေသည့် ကျွန်ုပ်တို့လည်း အာဏာဟူသမျှကို ဆက်လက်ဆန့်ကျင်တော်လှန်သွားမည်ဖြစ်သည်။

ကျွန်ုပ်တို့‌အနေဖြင့် စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်သည့် ၂၀၂၂ခုနစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြည်သူတရပ်လုံးပါဝင်သည့် Silence Strike (အသံတိတ်သပိတ်)နိုင်ငံရေးလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်သွားမည့်အပြင် Democracyအတွက် ဂုဏ်ရောင်ပြောင်စွာကျဆုံးသွားသော အာဇာနည်များအား ၂မိနစ်ခန့် ငြိမ်သက်မတ်တပ် ရပ် အလေးပြုသွားမည်ဖြစ်ပါသည်။ ထိုသို့သောထောင်တွင်းလှုပ်ရှားမှုများမှတဆင့် ထောင်တွင်းတိုက်ပွဲများ ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ပါသည်။ နိုင်ငံရေးအကျဉ်းသားများ၏ ထောင်တွင်းထုတ်ပြန်ချက်ဖြစ်သည့်

(၁)ထောင်တွင်းနိုင်ငံရေးအကျဉ်းသားများအနေဖြင့် အမြဲအသင့်ရှိ‌နေကြောင်း၊
(၂)စစ်အာဏာသိမ်း တနှစ်ပြည့်ကို သွေးမအေးဘဲ ဆက်လက်တိုက်ပွဲဝင်မည်ဖြစ်ကြောင်း၊
(၃)ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် ပြည်တွင်းအလုံးစုံငြိမ်းချမ်းရေးရရှိရေး မျှော်မှန်းကြောင်း
(၄) ထောင်တွင်းဖိနှိပ်မှုများကို ဆန့်ကျင်ကန့်ကွက်တိုက်ပွဲဝင်မည်ဖြစ်ကြောင်း

အထက်ဖော်ပြပါ ထုတ်ပြန်ချက်လေးချက်ကို ထောက်ခံပါသည်။ ကျွန်ုပ်တို့သည် ပြည်သူလူထု၏ စစ်သုံးစစ်တိုက်ဖြတ်ရေး ဦးတည်ချက်နှင့်အတူ ရပ်တည်၍
ဆက်လက် တော်လှန်နေမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ကြေညာအပ်ပါသည်။

အရေးတော်ပုံမုချအောင်ရမည်။

ထောင်တွင်းရဲဘော်များ(၂၇/၁/၂၀၂၂)

Red News Agency

By Editor