ဗိုလ်မှူးချုပ်ဟောင်း ကျော်ဆန်းရွာက အမျိုးသမီးတချို့ကို စစ်ကောင်စီတပ်က မုဒိမ်းကျင့်မှုရှိဟု သတင်းထွက်

RNA_ဇန်နဝါရီ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။

နအဖ လက်ထက် သမဝါယမ ဝန်ကြီးဌာန၊ ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့တွင် ဝန်ကြီးလုပ်ခဲ့သည့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဆန်းရွာဖြစ်သည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ချင်ပြစ်ကျင်းကျေးရွာအုပ်စု၊ နွယ်အင်းရွာက အမျိုးသမီးတချို့ကို စစ်ကောင်စီတပ်သားတချို့က မုဒိမ်းကျင့်မှုဖြစ်ပွားခဲ့ကြောင်း အနီးအနားကျေးရွာများအထိ သတင်းပြန့်နေသည်။

ဗိုလ်နဂါးကို ဖမ်းဆီးရန်ဟုဆိုကာ ဦးနှောက်ကျေးရွာမှာ အထိုင်ချနေသည့် စစ်ကောင်စီတပ်သားများသည် နွယ်အင်းကျေးရွာကို လွန်ခဲ့သည့် တပတ်က ရဟတ်ယာဉ်ဖြင့် ပြောင်းရွေ့အထိုင်ချခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၉ ရက်နေ့က ရဟတ်ယာဉ်နှင့် ပြန်ထွက်ပြသော်လည်း ရဟတ်ယာဉ်ဖြင့် တပ်သားများပြန်ချသွားပြီး၊ ကျေးရွာအတွင်း စုဆောင်းရမိသည့် ပျူစောထီး (၂၀) ဝန်းကျင်ကို စစ်သင် တန်းပေးရန်ပြင်ဆင်နေကြောင်း ဒေသခံထံမှ သိရသည်။

” နွယ်အင်းရွာကို ပြောင်းလာတာက တပတ်လောက်ရှိပြီ ဦးနှောက်ကနေ ပြောင်းလာတာ၊ မုဒိမ်းကျင့်ခံရတယ်လို့တော့ ဘေးရွာတွေကပါကြားရတယ်၊ ကောင်မလေးတွေက ရှက်လို့ မပြောကြဘူး၊ အဲရွာက ကျော်ဆန်းရွာလေ သူ့အမျိုးတွေတောင်ရှိသေးတယ်၊ ပြောသံကြားတာက သူများတွေပြေးတော့ သူတို့က မပြေးဘူး ကုတင်အောက် ဝင်နေတာတဲ့ ဟိုကောင်တွေရောက်လာတော့ ထွက်ခိုင်းပြီး စစ်တာ တကိုယ်လုံး ဖွတ်ဖွတ်ညတ်ညတ်ကျေလိုတဲ့၊ ဖြစ်တာကတော့ ဖြစ်ခဲ့ပုံပါ ဦးနှောက်ရွာမှာလဲ ဖြစ်တယ်လို့ အသံထွက်လာပြီ၊ ကောင်မလေးတွေက ရှက်လို့မပြောကြဘူးလေ၊ မခံရတဲ့ ကောင်မလေးတွေကနေ အခု အသံထွက်လာတယ်ဖြစ်မယ်၊ အခုတော့ ဘေးရွာတွေပါကြားနေရပြီ ရွာတွေလဲ ကျေဆိုမှတော့ အစိမ်းတွေတောင် နီကုန်ပြီကြားရတယ်” ဟု ပုလဲ ဒေသခံ ရွာသားတဦးက ပြောသည်။

ဦးနှောက်ကျေးရွာ စစ်ကောင်စီတပ်သာများ စခန်းချစဉ် ဒေသခံများ ဖမ်းဆီး နှိပ်စက် သတ်ခံခဲ့ရသူများရှိသည်ဟု သတင်းများထွက်ပေါိနေပြီး၊ စစ်ကောင်စီတပ် အထိုက်ချသည့် အခြားရွာများမှာလည်း အိုးအိမ် ဖျက်ဆီးခံရမှုများ ရှိသလို ထွက်မပြေးနိုင်သည့် သက်ကြီးရွယ်အိုများနှင့် ထွက်ပြေးဖို့ အခွင့်မသာသည့် ရွာသူရွာသားတချို့ အသတ်ခံရမှု၊ စစ်ကြောင်းနှင့်အတူ ခေါ်သွားပြီး လူသားဒိုင်းအဖြစ် အသုံးပြုမှုများရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအတွင်း ခုခံတွန်းလှန်စစ်ဆင်နွှဲနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင်း စစ်ကြောင်းဖြန့်ချမှု နည်းနေပြီး ထိုးစစ်ဆင်မည့် နေရာကို လေယာဉ်နှင့်ပစ်ကာ တပ်သားများချပြီး အထိုင်ချကြရကြောင်း၊ ယင်းမာပင် မြို့နယ် မုံရွာ – ယာကြီးလမ်းမပေါ်က ဘန့်ဘွေးရွာက စစ်ကောင်စီအထိုင်ချစခန်းနှင့် ပုလဲမြို့ရဲစခန်းနှင့် ကန့်ဒေါင့် ရဲစခန်းတို့ကို ပြီးခဲ့သည့် ရက်ပိုင်းက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မဟာမိတ်များက သွားရောက်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

Red News Agency

By Editor