မုံရွာအောင်ရှင်သို့တုန့်ပြန်ချက်

တချိန်က ဒီချုပ်ပါတီ အဖိနှိပ်ခံနေရချိန်မှာ ကျောင်းသားနဲ့ပြည်သူဟာ ဒီပါတီကို စစ်အာဏာရှင်လက်ချက်က အကာအကွယ်ပေးခဲ့တဲ့အတွက် အချို့ကိစ္စတွေမှာ ပြောချင်ပါရက်နဲ့ မပြောထွက်ခဲ့တာမျိုး၊ ဗူးလေးရာဖရုံဆင့်သလို ဖြစ်မှာစိုးလို့ မျိုသိပ်ခဲ့ရတာမျိုးတွေ

ကျော်ကိုကို

ရန်ကုန်ခေတ်သစ်မီဒီယာနဲ့ ဒီချုပ်ပြောရေးဆိုခွင့်ရသူ မုံရွာအောင်ရှင်တို့ အမေးအဖြေလုပ်ထားတာကို ဖတ်ရပါတယ်။ဗကသက မူပိုင်ဖြစ်တဲ့ ခွပ်ဒေါင်းအလံကို ဒီချုပ်အပါအဝင် ၂၀၀၈ခြေဥအောက်က ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီအသီးသီးက ယူငင်သုံးစွဲနေတာကို ကန့်ကွက်တဲ့ ကြေညာချက်တွေ ထုတ်ပြီးချိန်မှာ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဒီချုပ်ရဲ့သဘောထားကို မုံရွာအောင်ရှင်က ပြောထားတာပါ။

ဒီနေရာမှာ တိုက်ပွဲဝင်သမဂ္ဂခွပ်ဒေါင်းအလံကို ကျနော်တို့အနေနဲ့ ပြန်တောင်းတယ်လို့ မသုံးစွဲလိုပါဘူး။ နိုင်ငံရေးအရပြောရရင် ကိုယ်ကျေကျေနပ်နပ်ပေးထားတာမဟုတ်တဲ့အတွက်ကြောင့် ပြန်တောင်းနေတာမျိုးမဟုတ်ဘဲ သဘောတူခွင့်ပြုချက်မပါဘဲ ယူငင်သုံးစွဲနေမှုကို ဆက်လက်မလုပ်ဆောင်တော့ဖို့ ကန့်ကွက်နေတာလို့ သုံးစွဲရင်ပိုအဓိပ္ပါယ်ရှိမယ်ထင်ပါတယ်။

ဗကသက ကြေညာချက်ထုတ်ခြင်း မထုတ်ခြင်းဟာ ကျနော်နဲ့ တခြားစီကိစ္စရပ်တွေပါ။ကျနော့်အနေနဲ့ လက်ရှိဗကသမှာ တာဝန်လည်းမရှိတော့သလို ဘယ်အစုအဖွဲ့နဲ့မှလည်း အနီးကပ်ပတ်သက်နေခြင်းမရှိတဲ့အတွက် သူတို့ဖာသာ ကြေညာချက်ထုတ်ခြင်း မထုတ်ခြင်းသည် ကျနော့်ရဲ့ ကာယကံ၊ဝစီကံ၊မနောကံ ကံသုံးပါးအပြုအမူများဖြင့် ပါဝင်ပတ်သက်ခဲ့ခြင်း အလျဉ်းမရှိသော ကိစ္စရပ်များသာဖြစ်တယ်လို့ တင်ကြို သတိပေးပါရစေ။အလားတူပင် သူတို့တွေ၏ ဘယ်အကြိမ်မြောက်ညီလာခံက ဆုံးဖြတ်ချက်ဖြစ်စေ ကျနော် စိတ်ဝင်စားလိမ့်မည်မဟုတ်ဟု ထပ်မံ အသိပေးပါရစေ။

ယခု ပြန်လည်တုံ့ပြန်လိုတာကတော့ မုံရွာအောင်ရှင်ရဲ့ အင်တာဗျူးပါ အယူအဆများကိုသာ ဖြစ်ပါတယ်။ ပထမဆုံးအဖြစ် မုံရွာအောင်ရှင်က သူတို့ပါတီဟာ စဖွဲ့ကတည်းက ဒီခွပ်ဒေါင်းအလံကို အသုံးပြုလာတာ နှစ်ပေါင်းသုံးဆယ်ကျော်ပြီ ကန့်ကွက်တဲ့သူ ဘယ်သူမှမရှိသေးဘူးလို့ ပြောပါတယ်။ ဒီအချက်ကို ကျနော်တို့အနေနဲ့ မှားယွင်းတဲ့အချက်တခုလို့ သုံးသပ်ပြီး လက်မခံ ပယ်ချပါတယ်။ ၁၉၈၈ ဗကသမှာ ပါဝင်လှုပ်ရှားခဲ့သူတဦးဖြစ်တဲ့ ကိုညိုထွန်းအနေနဲ့ ဒီချုပ် ခွပ်ဒေါင်းအလံ ယူငင်သုံးစွဲမှုကို တရားဝင်ကန့်ကွက်ခဲ့ဖူးပါတယ်။ကိုညိုထွန်းဟာ ၂၀၁၂ နောက်ပိုင်း သတင်းစာ ဂျာနယ်တွေပေါ်မှာ နိုင်ငံရေးအကြောင်းအရာတွေ အတိုင်းအတာတခုထိရေးလို့ရတဲ့အချိန်မှာ အဓိပတိဂျာနယ်ရဲ့ အယ်ဒီတာချုပ်လုပ်ခဲ့သူဖြစ်ပြီး အဆိုပါကန့်ကွက်တဲ့သဘောထားကို ၈.၁.၂၀၁၂ နေ့စွဲဖြင့် ဦးတင်ဦး၊ဒေါ်အောင်ဆန်းစုကြည်၊ဦးဝင်းတင်အပါအဝင် ဒီချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့တခုလုံးကို လိပ်မူပြီး အိတ်ဖွင့်ပေးစာတစောင်ပို့ပြီးသားဖြစ်ပါတယ်။ဒီလို စာပို့ကန့်ကွက်ခဲ့ပါရဲ့နဲ့ ဘယ်သူမှ မကန့်ကွက်ပါဘူးလို့ ပြောတဲ့ မုံရွာအောင်ရှင်စကားကို လက်မခံဘဲ ပယ်ချရမှာဖြစ်ပါတယ်။

ဘယ်သူမှမကန့်ကွက်ဘူးဆိုတဲ့ စကားရဲ့အနက်ဝိတ္တာရကို အကျယ်ချဲ့ပြီးရှင်းရရင် တချိန်က ဒီချုပ်ပါတီ အဖိနှိပ်ခံနေရချိန်မှာ ကျောင်းသားနဲ့ပြည်သူဟာ ဒီပါတီကို စစ်အာဏာရှင်လက်ချက်က အကာအကွယ်ပေးခဲ့တဲ့အတွက် အချို့ကိစ္စတွေမှာ ပြောချင်ပါရက်နဲ့ မပြောထွက်ခဲ့တာမျိုး၊ ဗူးလေးရာဖရုံဆင့်သလို ဖြစ်မှာစိုးလို့ မျိုသိပ်ခဲ့ရတာမျိုးတွေလည်း ရှိခဲ့ပါတယ်။ကျနော်တို့ထက် အသက်အရွယ်နဲ့အတွေ့အကြုံပိုကြီးတဲ့ ကျောင်းသားမျိုးဆက်ဟောင်းကြီးတွေနဲ့ တွေ့တဲ့အခါတိုင်း ဒီချုပ်ပါတီ အဖိနှိပ်ခံဘဝ၊ အတိုက်အခံပါတီဘဝကနေ အာဏာရပါတီဘဝရွေ့လျောပြောင်းလဲသွားရင် ခွပ်ဒေါင်းအလံ ဆက်မသုံးဖို့ ကန့်ကွက်သင့်ကြောင်း ကျနော်တို့ကို တိုက်တွန်းအကြံပေးလေ့ရှိတာ အမှတ်ရမိပါတယ်။

ကဗျာဆရာအောင်ဝေးရဲ့ ခရီးရှည်ချီတက်ပွဲ-လိုင်ဇာမှ လက်ပံတန်းသို့ ကဗျာရှည်စာအုပ်မှာ “ငါတို့ ခွပ်ဒေါင်းအလံပြန်ပေး”ဆိုတဲ့ကဗျာတပုဒ်ပါပါတယ်။ကဗျာဆရာဟာလည်း ၁၉၇၄/၇၅ ကာလ ကျောင်းသားနိုင်ငံရေးမျိုးဆက်တဦးဖြစ်ပြီး သူရေးထားတဲ့ကဗျာစာသားတချို့ကို ကိုးကားပြောပြရရင်

“ယုတ်မာကောက်ကျစ်သူ
သစ္စာဖောက်သူ
သူခိုးဓားရိုးကမ်းသူတို့၏လက်အတွင်းမှ
ငါတို့၏သမိုင်းဝင်အလံတော်အား
ငါ ပြန်လည်ရယူလိုကြောင်း
အတိအလင်းတောင်းဆိုပါ၏။” လို့ ရေးသားခဲ့ပါတယ်။ဒီကဗျာကို ကိုယ်တိုင်လည်းကဗျာရေးသားနေတဲ့ မုံရွာအောင်ရှင် ဖတ်ကောင်းဖတ်ဖူးလိမ့်မယ်လို့ ယူဆပါတယ်။ဒီကဗျာကို မဖတ်ဖူးရင်တောင် အနည်းဆုံး ဒီကဗျာရှိကြောင်းကို ကြားဖူး သိဖူးနိုင်ပါတယ်။ဒီလိုကြားဖူးခဲ့ရင်တော့ ဒီချုပ်အလံကို ဘယ်သူမှမကန့်ကွက်ခဲ့ဘူးဆိုတဲ့ စကားက အပြစ်ကျူးလွန်ထားသူတွေလို မျက်စိစုံမှိတ်ပြီး တွင်တွင်ငြင်းဆိုတဲ့စကားလို့ အဓိပ္ပါယ်ရနေပါတယ်။

အနှစ်သုံးဆယ်လုံးလုံး မျိုသိပ်ကြိတ်မှိတ်ထားခဲ့ရတဲ့ အကြောင်းအရာတခုဟာ အခုချိန်မှ ပေါက်ကွဲပွင့်ထွက်ရတာမျိုးဖြစ်နေတတ်တယ်ဆိုတာကို မုံရွာအောင်ရှင်အနေနဲ့ နားလည်သဘောပေါက်ဖို့လိုပါတယ်။ တကယ့်ပကတိ မြေပြင်အခြေအနေကို မသုံးသပ်ဘဲ ငါ့စကားနွားရပြောတိုင်း အမှန်ဖြစ်တယ်လို့ ယူဆလို့တော့ အဆင်မပြေပါဘူး။အထူးသဖြင့် ပြောရေးဆိုခွင့်ရသူတဦးအနေနဲ့ ကျား ကျား မီးယပ်ပြောလုံးဆိုလုံးများကို သတိထားရှောင်ကြဉ်စေချင်ပါတယ်။

ဒီလိုကန့်ကွက်တာ မရိုးသားဘူးလို့ မုံရွာအောင်ရှင်က သုံးသပ်ထားတာကိုလည်း တွေ့ရပါတယ်။မရိုးသားမှုဆိုတာ ဘာကိုဆိုလိုချင်ပါသလဲ။ဒီနေရာမှာ မရိုးသားမှုဆိုတဲ့စကားလုံးကို လက်လွတ်စပယ်သုံးစွဲလိုက်တာဖြစ်တယ်လို့ ကျနော်ပြောချင်ပါတယ်။ ဒီချုပ်ကို ဒီကျောင်းသားအဖွဲ့က ကန့်ကွက်လို့မရိုးသားတာလား၊ ဒီကျောင်းသားတွေရဲ့ နောက်ကွယ်မှာ အခြားနိုင်ငံရေးအင်အားစုတွေ ရှိနေတယ်လို့ ပြောချင်တာလား။ဒီလို တွေးခေါ်ပုံ စဉ်းစားပုံတွေက အစိုးရအဆက်ဆက်ပြောဆိုလာတဲ့လေသံမျိုးမို့ သိပ်မဆန်းကြယ်ပေမယ့် စစ်အုပ်စုကလည်း ထိုနည်းလည်းကောင်းပြောခဲ့တာကြောင့် ဒီချုပ်ပါတီနဲ့စစ်အုပ်စု ဒီနေရာမှာ အတွေးအခေါ်တူတယ်လို့ ပြောရပါလိမ့်မယ်။

မုံရွာအောင်ရှင်က သူတို့ပါတီလောက် တလျှောက်လုံး စစ်အာဏာရှင်ဆန့်ကျင်တဲ့ပါတီ ဘယ်မှာရှိလို့လဲဗျာဟု ခေတ်သစ်မီဒီယာကို ဖြေကြားလိုက်တာ တွေ့ရပါတယ်။ဒီစကားဟာ အင်တာဗျူးမေးသူအပါအဝင် မီဒီယာပရိသတ်ကြီးနဲ့တကွ ပြည်သူတရပ်လုံးကို ငအတွေ၊ငဒူတွေ၊ငစနူတွေလို့ ယူဆပြီး စော်ကားလိုက်တဲ့စကားသာလျှင်ဖြစ်ပါတယ်။ ၁၉၆၂ခုနှစ် ဗိုလ်နေဝင်းဦးဆောင်တဲ့စစ်တပ်က အာဏာသိမ်းပြီး စစ်အာဏာရှင်စနစ်ကို စတင်တည်ထောင်ချိန်မှာ ဗွေဆော်ဦးဆန္ဒပြကန့်ကွက်ခဲ့တာ ဗကသများအဖွဲ့ချုပ်၊တကသ၊ရကသ အစရှိတဲ့ ကျောင်းသားသမဂ္ဂတွေ၊ကျောင်းသားညီညွတ်ရေးတပ်ဦးတွေပဲဖြစ်တယ်ဆိုတာ သမိုင်းကို တီးမိခေါက်မိရှိတဲ့သူတိုင်း သိနေတဲ့ကိစ္စဖြစ်ပါတယ်။ဒါကို မျက်ကွယ်ပြုပြီး စစ်အာဏာရှင်ဆန့်ကျင်တဲ့ပါတီ သူတို့တပါတီတည်းရှိတယ်ပြောလိုက်တာ တော်ရုံမျက်နှာပြောင်တိုက်တတ်ရုံနဲ့တော့ ဒီစကားမျိုး ပါးစပ်ကပြောမထွက်ရဲဘူးလို့ ယူဆပါတယ်။၁၉၆၂ တုန်းက ဗကပပါတီ၊အလံနီပါတီတို့က မြေအောက်ကနေ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့တဲ့သမိုင်းကိုလည်း မုံရွာအောင်ရှင်က ဖျောက်ဖျက်ပစ်ချင်တဲ့သဘောမျိုးရှိပါတယ်။ ဒီချုပ်ပါတီဆိုတာ ၁၉၈၉ခုနှစ်ကျမှ ပထမအကြိမ်မှတ်ပုံတင်တဲ့ပါတီပါ ရည်ရွယ်ချက်က ၁၉၉၀ အထွေထွေရွေးကောက်ပွဲဝင်ဖို့အတွက်ပါ။ ၁၉၈၈ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ဒီချုပ်က ဦးဆောင်တော်လှန်ခဲ့တာမဟုတ်ပါဘူး။ ကျောင်းသားပြည်သူတွေကသာ တော်လှန်ရေးရဲ့ဦးဆောင်မှုအခန်းမှာရှိနေခဲ့တာပါ။ ဒီချုပ်ဆိုတာ ကျောင်းသားပြည်သူရဲ့သွေးချွေးမျက်ရည်တွေ အရင်းတည်ပေးဆပ်ပြီးမှရရှိခဲ့တဲ့ အသီးအပွင့်တခုပဲဖြစ်ပါတယ်။ စစ်အာဏာရှင်ကို တလျှောက်လုံးဆန့်ကျင်လာတာဆိုရင် ဦးသန့်အရေးအခင်း၊မှိုင်းရာပြည့်အရေးအခင်း၊ကျွန်းဆွယ်အရေးအခင်း၊အလုပ်သမားအရေးအခင်း၊ငွေစက္ကူအရေးအခင်းနဲ့တကွ ဗမာပြည်မှာဖြစ်ပျက်ခဲ့တဲ့ ဘယ်အရေးအခင်းတွေမှာ ဒီချုပ်က စစ်အာဏာရှင်ကိုဆန့်ကျင်ခဲ့တာလဲလို့ မေးခွန်းထုတ်ပါရစေ။နောက်မှလာပြီး မောင်ဦးလုပ်ချင်စိတ်ကို လျှော့ပြီးမှ အင်တာဗျူးတွေဖြေသင့်တယ်လို့ ကျနော် အကြံပေးချင်ပါတယ်။

ထောင်ကျခံ ဘဝပျက်ခံပြီး ဒီချုပ်ကလူတွေ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့တယ်ဆိုတဲ့ စကားကို ကျနော် လက်ခံပါတယ်။ဒါပေမယ့် ခြွင်းချက်နဲ့ပဲလက်ခံတာပါ။ ဒီချုပ်ပါတီဝင်မဟုတ်တဲ့ အခြားနိုင်ငံရေးအင်အားစုတွေ တော်လှန်ရေးအင်အားစုတွေလည်း ထောင်ကျခံ ဘဝပျက်ခံရုံတင်မက စစ်ကြောရေးမှာပါ အသတ်ခံခဲ့ရတာကို မုံရွာအောင်ရှင်က ဘာလျု့ထည့်မပြောသွားတာလဲ။ ၄၈၂၈ ဒေသပါတီကော်မတီ အတွင်းရေးမှူး အေဝမ်းလို့ခေါ်တဲ့ ဦးမောင်လေးဟာ စစ်ကြောရေးမှာ စစ်အာဏာရှင်ကို အံတုရင်း အသက်စွန့်သွားခဲ့သူပါ။အလားတူ ပီသုံးလုံးခေါ် ပြည်သူ့တိုးတက်ရေးပါတီဥက္ကဌကြီး ဦးခင်မောင်မြင့်ဟာလည်း စစ်အာဏာရှင်တွေနှိပ်စက်တဲ့ဒဏ်ကြောင့် ထောင်တွင်းမှာကျဆုံးခဲ့ရပါတယ်။အနီးခေတ်မှာလည်း ကျောင်းသားတွေ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေသာမက ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို နိုင်ငံရေးပါတီတွေက ခေါင်းဆောင်ဦးခွန်ထွန်းဦးတို့ ဦးစိုင်းညွှန့်လွင်တို့ဆိုရင် နှစ်ပေါင်းရာကျော်တောင် ထောင်ဒဏ်ချမှတ်ခံခဲ့ရတာကို တွေ့မြင်နိုင်ပါတယ်။ဒါကြောင့် မုံရွာအောင်ရှင်ပြောတဲ့ ဗမာပြည်မှာ စစ်အာဏာရှင်ကိုအံတုတဲ့ပါတီ NLDကလွဲရင် ဘယ်ပါတီမှမရှိဘူးဆိုတဲ့ စကားဟာ မဟာမိတ်နိုင်ငံရေးပါတီတွေအပါအဝင် ပြည်သူလူထုတရပ်လုံးကို စော်ကားလိုက်တဲ့စကားပဲဖြစ်ပါတယ်။ဒီစကားနဲ့ပတ်သက်လို့ မုံရွာအောင်ရှင်အနေနဲ့ ကိုယ့်စကားကို ပြန်ရုတ်သိမ်းဖို့နဲ့ လူထုကျေနပ်သည်အထိ ထပ်တလဲလဲ တောင်းပန်ဖို့ လိုအပ်တယ်လို့ သတိပေးလိုပါတယ်။

ဒီချုပ်ပါတီရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆိုလို့ ကျနော့်ရဲ့သုံးသပ်ချက်ကို ဒီမှာပြောလိုပါတယ်။ဒီချုပ်ဟာ ဗိုလ်ခင်ညွှန့်လက်ထက်တုန်းကတည်းက စစ်အာဏာရှင်တွေကို ကြောက်ရတဲ့သဘောမှာရှိတာကို တွေ့ရပါတယ်။ဂန္ဒီခန်းမမှာ စင်ပြိုင်အစိုးရဖွဲ့ဖို့ လူထုတရပ်လုံးကလိုလား ကျောင်းသားထုကဝန်းရံနေတဲ့ကြားထဲကတောင် မဖွဲ့ရဲဘဲ အညံ့ခံလက်မှတ်ထိုးပေးခဲ့ရတဲ့ပါတီတခုပါ။ထိုစဉ်တုန်းက ယခု အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်ကိုတောင် ပါတီဥက္ကဌဗိုလ်အောင်ရွှေတို့က ပါတီမှထုတ်ပယ်ပြီး စစ်အုပ်စုအကြိုက် အရေးယူခဲ့ဖူးတဲ့သမိုင်းရှိပါတယ်။အမှန်တကယ်သာ စစ်အာဏာရှင်စနစ်ဆန့်ကျင်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီက ထုတ်ပယ်စရာအကြောင်းမရှိပါဘူး။စစ်အာဏာရှင်ရဲ့ဖိအားကို ဒီလောက်လေးမှတောင့်မခံနိုင်တဲ့ပါတီဟာ စစ်အာဏာရှင်စနစ်ကို သူတဦးတည်း ချွန်ပြီး အံတုခဲ့တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား ဦးနှောက်ရှိတဲ့သူတိုင်း စဉ်းစားနိုင်ကြပါစေလို့ ထောက်ပြရင်း မုံရွာအောင်ရှင်အနေနဲ့ ပြည်သူလူထုကို တစုံတရာပြန်လည်ဖြေကြားပေးဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျား ။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *