လူမျိုးရေးထောင်ချောက်မှကင်းလွတ်သူဗိုလ်မှူးစောလွင်

ဖိနှိပ်သူ စစ်အာဏာရှင်စနစ်ကို တော်လှန်ရေးမလုပ်သရွေ့ အကုန်လုံး စစ်ကျွန်ဘဝမှာပဲ ရှိနေကြရဦးမှာပါ။ စီးပွားရေးအရ လက်ဝါးကြီးအုပ်ထားတဲ့ အရင်းရှင်၊ခရိုနီတွေကို မတွန်းလှန်မချင်း ကျနော်တို့ နင်းပြားအဆင့်က တက်နိုင်ကြမှာမဟုတ်ပါဘူး။ တကယ်က တိုက်ပွဲတခုမှာ ၊ လှုပ်ရှားမှုအဆင့်တဆင့်မှာ၊ တော်လှန်ရေးတရပ်မှာ ဖြူဖြူ မည်းမည်း အတူတွဲပြီး ဖိနှိပ်သူကို တွန်းလှန်ပစ်ဖို့ပဲ လိုအပ်ပါတယ်

ကျော်ကိုကို (၁၅.၆.၂၀၂၀)

ကျနော်တို့ဆီမှာ အတော်ညံစီနေတဲ့ အငြင်းအခုန်တခုကို တွေ့နေ၊မြင်နေ၊ကြားနေရပါတယ်။ဒီဇာတ်လမ်းက အမေရိကမှာ လူမည်းတွေရှင်သန်ရပ်တည်ရေးလှုပ်ရှားမှုစတင်ပြီးနောက်ပိုင်း ဒီကလူငယ်အချို့က လှုပ်ရှားမှုပြုလုပ်လာတဲ့ ကမ်ပိန်းတခုကနေ စခဲ့တာလို့ ပြောရပါလိမ့်မယ်။”Don’t Call me K- words” ငါ့ကို ကကြီးလို့ မခေါ်နဲ့ ဆိုတဲ့ လှုပ်ရှားမှုပါ။ရှေ့မှာလည်း အလားတူ လှုပ်ရှားမှုတခုကို ရခိုင်လူငယ်တွေ ပြုလုပ်ခဲ့ဖူးပါတယ်။အခု ကမ်ပိန်းနဲ့ ဆင်တူဆိုပေမယ့် အရှေ့နဲ့အနောက်လွဲပါတယ်။ Call me Arakenese campaign ဖြစ်ပါတယ်။ ငါ့ကို အရကန်လို့ခေါ်ပါဆိုတဲ့ တောင်းဆိုလှုပ်ရှားမှုပါ။ဒီလှုပ်ရှားမှုနှစ်ခုစလုံးကို ကျနော် နှိုင်းယှဉ်သုံးသပ်ကြည့်မိသလို ထောက်ပြဝေဖန်စရာတွေလည်းရှိနေပါတယ်။

ငါ့ကို ဘယ်လိုခေါ်ပါ ဒါမှမဟုတ် ငါ့ကိုဘယ်လိုမခေါ်ပါနဲ့ စသဖြင့် မိမိတို့ကိုယ်ကို မည်သို့မည်ပုံ ခေါ်ဆိုသုံးစွဲပေးဖို့ မိမိတို့ရဲ့ အမှတ်သရုပ်ကို အတိအကျပုံဖော်တဲ့ identity politics ကို သူတို့နှစ်အုပ်စုစလုံး အသုံးချနေတဲ့နေရာမှာ တူပါတယ်။ကွဲလွဲချက်က ဒီနိုင်ငံမှာ ရခိုင်ကို အရကန်လို့ခေါ်ဖို့ရာ တိုက်တွန်းမှုအပေါ် ကန့်ကွက်သံ၊ဝေဖန်သံ ဘာတခုမှမထွက်ဘဲ ပြီးသွားပြီး အခုတခါလုပ်တဲ့ ကမ်ပိန်းကျခါမှ kalar ခေါ်ရေး၊ မခေါ်ရေးဟာ ဘက်ပေါင်းစုံက အငြင်းပွားစရာဖြစ်လို့လာခဲ့ပါတယ်။

ကျနော့်ရဲ့ နိုင်ငံရေးအမြင်အရ လူမျိုးတမျိုးကို ဘယ်လိုခေါ်ရမယ် ဘယ်လိုမခေါ်ရဘူးဆိုတဲ့ အမှတ်သရုပ်လက္ခဏာနိုင်ငံရေးအပေါ်မှာ ဘာမှမှတ်ချက်ပေးလိုခြင်း ဆန္ဒတစွန်းတစမဖြစ်ပေါ်ပါဘူး။ဘာကြောင့်လဲဆိုရင် ကျနော်လက်ခံထားတဲ့ နိုင်ငံရေးအဘိဓမ္မာအရ အမှတ်အသား သရုပ်သကန်ဟာ အနှစ်သာရမဟုတ်တဲ့ကိစ္စဖြစ်တဲ့အပြင် လက်တွေ့ကျတဲ့ လူတန်းစားပဠိပက္ခကို ထင်ဟပ်နေတဲ့ ကိစ္စရပ်လည်း မဟုတ်နေလို့ပါဘဲ။ကျနော်လက်ခံထားတဲ့ အဘိဓမ္မာအရ လူတန်းစားကွဲပြားခြားနားမှုကသာ မတရားမှု၊လူ လူချင်း ဖိနှိပ်သွေးစုပ်မှု၊အထက်တန်းလွှာက အာဏာချုပ်ကိုင်မှု စတာတွေအားလုံးရဲ့ မြစ်ဖျားခံရာ တခုတည်းသောအကြောင်းရင်းဖြစ်တယ်လို့ ယုံကြည်တာပါ။ gender, sexual orientation, religious factors လိင်၊လိင်စိတ်ခံယူမှု၊ဘာသာရေးအခြေခံကွဲပြားခြားနားမှု အစရှိတဲ့ အကြောင်းခြင်းရာများဟာ social class လို့ခေါ်တဲ့ လူမှုအတန်းအစားကွဲပြားခြားနားမှုနဲ့ အပြန်အလှန် ဆက်စပ်နေတဲ့အကြောင်းအရာတွေမှန်သော်ငြားလည်း အဓိကအားဖြင့် လွှမ်းမိုးထားနိုင်တဲ့ အကြောင်းတရားတွေတော့ မဟုတ်ပါဘူး။ ဆိုလိုချင်တာက ဘဝအပေါ် သေရေးရှင်ရေးဆုံးဖြတ်ချက်ချနိုင်လောက်တဲ့အထိ ခြယ်လှယ်နိုင်စွမ်းမရှိတဲ့ အခြေခံမကျတဲ့ တရားတွေလို့ပဲ ဆိုချင်ပါတယ်။

ခု ကမ်ပိန်းမှာ လူတချို့ဝေဖန်တာကို မြင်ပါတယ်။ ပိုက်ဆံရှိရင် ဘယ်လူမျိုးကိုမဆို နှိမ်တဲ့သဘောနဲ့ မခေါ်ဝံ့သလို ပိုက်ဆံမရှိတဲ့သူတွေကိုတော့ ရေများရေနိုင် မီးများမီးနိုင် ဖိနှိပ်ထားလေ့ရှိတာ လူ့အဖွဲ့အစည်းရဲ့ အခြေခံကျင့်စဉ်လိုဖြစ်နေကြောင်း ဝေဖန်သူတချို့က ထောက်ပြကြပါတယ်။

နောက်တချက် ကျနော်မြင်တာက ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်တဲ့ နိုင်ငံရေးစနက်ကြောင့် minorities လူနည်းစုတွေကို ဒီဘက်ခေတ်ပိုင်းမှာ အရင်က တခါမှမသုံးစွဲဘူးတဲ့ အသုံးအနှုန်းသစ်တွေနဲ့ပါ တိုက်ခိုက်လာတာမျိုးတွေ တွေ့ရှိရပါတယ်။စစ်အုပ်စုကိုင်စွဲတဲ့ ဖက်ဆစ်ဆန်ဆန် အစွန်းရောက်အမျိုးသားရေးအမြင်ကိုယ်၌က ငါတို့နဲ့ သူတို့ဆိုပြီး စည်းကြောင်းသားတဲ့ အလုပ်ကို ဇောက်ချလုပ်နေတာတွေ့ရပါတယ်။အိမ်ရှင်နဲ့ဧည့်သည်ဆိုတဲ့ နမိတ်ပုံတွေကိုလည်း သုံးစွဲပါတယ်။ တိုင်းရင်းသားနဲ့ ခိုးဝင်ဆိုပြီးတော့လည်း ပုံဖော်ပါတယ်။ရခိုင်နဲ့ စစ်တပ်ကိစ္စမှာကျပြန်တော့ အကြမ်းဖက်ဆိုတဲ့စကားလုံးကို တွင်တွင်သုံးပြီး သူတို့ရဲ့ legitimacy ကို တည်ဆောက်ပါတယ်။ အခုရှုပ်ထွေးနေတဲ့ကိစ္စအတော်များများဟာ စစ်တပ်က လူထုကြားထဲမှာ လိုင်းကျသွားအောင် နှစ်ပေါင်းများစွာတမင်ရိုက်သွင်းပေးထားတဲ့ လူမျိုးရေးအမြင် သို့မဟုတ် လူမျိုးစွဲဝါဒတွေကြောင့်ပဲ ပြဿနာအစစ်ကို မဖြေရှင်းနိုင်ကြရတာဖြစ်ပါတယ်

ပြဿနာကို ယောင်းမခါးထိုးပြီး အဖြေရှာနေလို့ကတော့ ဘယ်တော့မှ ဖြေရှင်းလို့ရမှာမဟုတ်ပါဘူး။ ကျနော်ပြောချင်တာက ငါတို့က ဘာလူမျိုးတွေကွ၊ ငါတို့ကို ဘယ်လိုခေါ်ပါကွ၊ ငါတို့ကို ဘယ်လိုမခေါ်နဲ့ကွ စတဲ့ စတဲ့ issues တွေဟာ လူမျိုးရေးအမြင်တံဆိပ်ကပ်ခံထားရတဲ့ အကြောင်းအရာသက်သက်တွေသာ ဖြစ်ပြီး ကျနော်တို့ ခင်ဗျားတို့ အဖိနှိပ်ခံနေရတဲ့ တကယ့်လက်တွေ့ဖြစ်ရပ်နဲ့ အခြေအနေတွေအောက်က အမှန်တကယ်လွတ်မြောက်ရာ လွတ်မြောက်ကြောင်း အကြောင်းတရားတွေ လုံးဝမဟုတ်ပါဘူး။ ဖိနှိပ်သူ စစ်အာဏာရှင်စနစ်ကို တော်လှန်ရေးမလုပ်သရွေ့ အကုန်လုံး စစ်ကျွန်ဘဝမှာပဲ ရှိနေကြရဦးမှာပါ။ စီးပွားရေးအရ လက်ဝါးကြီးအုပ်ထားတဲ့ အရင်းရှင်၊ခရိုနီတွေကို မတွန်းလှန်မချင်း ကျနော်တို့ နင်းပြားအဆင့်က တက်နိုင်ကြမှာမဟုတ်ပါဘူး။ တကယ်က တိုက်ပွဲတခုမှာ ၊ လှုပ်ရှားမှုအဆင့်တဆင့်မှာ၊ တော်လှန်ရေးတရပ်မှာ ဖြူဖြူ မည်းမည်း အတူတွဲပြီး ဖိနှိပ်သူကို တွန်းလှန်ပစ်ဖို့ပဲ လိုအပ်ပါတယ်။ ဘုံရန်သူကို မျက်ခြေမပြတ်တိုက်မယ့်အစား ကိုယ့်လူ့အဖွဲ့အစည်းတွင်း သူနဲ့ကိုယ်၊ မင်းနဲ့ငါ အငြင်းပွားစရာဖြစ်အောင် လုပ်ခြင်းက အချင်းချင်း ပြန်တိုက်စရာဖြစ်ပြီး ကျနော်တို့ပြည်သူတွေ အားကုန်စေပါတယ်။ ယာလည်းညက်စေ ကြက်လည်းပန်းစေ ဆိုတဲ့ ဗျူဟာကို အကြိုက်ကြီးကြိုက်တဲ့ စစ်အုပ်စုအတွက် အခွင့်ကောင်းဖန်တီးပေးသလိုဖြစ်သွားမှာကို သတိချပ်သင့်ပါတယ်။

ကျနော် ဒီနေရာမှာ လူမျိုးရေးထောင်ချောက်ကို ရဲဘော်တို့ ရှောင်လွှဲနိုင်ဖို့ စံနမူနာကောင်းအဖြစ် ထွန်းလင်းတောက်ပပေးသွားတဲ့ ကြယ်နီတပွင့်အကြောင်း အမှတ်ရချက်အဖြစ် တင်ပြပေးချင်ပါတယ်။သူကတော့ ကယန်းတောင်ပေါ်ဒေသမှာ သူ့ဘဝကို မြုပ်နှံပြီး အဖိနှိပ်ခံပြည်သူတွေအတွက် တသက်လုံး ရုန်းကန်တိုက်ပွဲဝင်သွားခဲ့သူ ဗိုလ်မှူးစောလွင်ပဲဖြစ်ပါတယ်။

၂၀၁၂မှာ သူ့ကို ကျနော်စတွေ့ပါတယ်။သောက်ရေခပ်ချောင်းနဘေးက တောင်စောင်းလေးတခုပေါ်မှာပါ။သူက စစ်ဝတ်စုံအပြည့်ဝတ်ထားပေမယ့် ကယန်းရိုးရာလွယ်အိတ်ကိုလွယ်ပြီး ကျနော်တို့ကို ပြုံးပြနေပါတယ်။သူနဲ့ကျနော် တောင်စောင်းကလေးအတိုင်း လမ်းလျှောက်သွားနေတုန်း တောင်ကြားလွင်ပြင်မှာ ဗုံပလွေတီးခတ်နေတဲ့ လူတွေဆီ လက်ညှိုးထိုးပြပြီး “ဒါ ကျနော်တို့ ပြည်သူတွေပဲဗျာ”လို့ ကျနော့်ကို ပြောလိုက်တဲ့အသံကို ခုထိ ကြားယောင်နေပါသေးတယ်။

နောက်တခါ လွိုင်ကော်က ကရင်နီပြည်ကျောင်းသားသမဂ္ဂရုံးမှာ ကျနော်တို့နဲ့ စကားတွေပြောရင်းက သူ့သားကြီး ရဲဘော်ထွန်းသူအောင်ကို လက်ညှိုးထိုးပြပြီး “ကျနော့်သားကို ပြည်သူလူထုအကျိုးဆောင်ရွက်ဖို့ ခင်ဗျားတို့ လက်ထဲအပ်ပါမယ်။ဒီကနေ့ကစပြီး ကျနော့်သားကို ဗကသကို အပ်ပါတယ်”လို့ ပြောခဲ့တာကို ကျနော် ပြန်တွေးမိတိုင်း မျက်ရည်ဝဲမိရတယ်ခင်ဗျ။

သူ့ကို အပြင်မှာ လူချင်းမတွေ့ခင်ကတည်းက နာမည်ကြားဖူးတာကြာခဲ့ပါပြီ။ကျနော် စပြီးကြားဖူးတာက ဗိုလ်မှူးစောလွင်မဟုတ်သေးပါ။ သူနဲ့အတူ ၇၄၊၇၅ ကာလ ကျောင်းသားလှုပ်ရှားမှုထဲပါခဲ့သူတွေ ခေါ်နေကြနာမည်က ကုလားလေးဌေးအောင်ပါ။ ဒါပေမယ့် အဲ့လိုခေါ်တာက ဗိုလ်မှူးကို နှိမ့်ချခေါ်ကြတာတော့မဟုတ်ပါဘူး။ကိုဌေးအောင် နာမည်တူတွေများလို့မို့ ကွဲပြားအောင် ခေါ်တာဖြစ်သလို ချစ်စနိုးနဲ့ခေါ်တာလည်း ဖြစ်ပါတယ်။ ဗိုလ်မှူးစောလွင် သက်ရှိထင်ရှားရှိစဉ်ကာလမှာ အဲ့နာမည်နဲ့ပတ်သက်လို့ ကသိကအောက်ဖြစ်ရတာ မကျေမနပ်ဖြစ်ရတာမျိုး ရှိတယ်လို့မကြားဖူးပါဘူး။သူဟာ ရိုမန်ကက်သလစ်ဘာသာကိုးကွယ်တဲ့ ကယန်းလူမျိုးအတော်များများက ချစ်ခင်လေးစားခြင်းကို ခံရတဲ့ အာဂလူသားတယောက်ဖြစ်တဲ့အပြင် သူနဲ့အတူ ထောင်ကျခဲ့တဲ့ အမျိုးသားရေးအစွန်းအရောက်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ မစိုးရိမ်ဝီရသူကတောင် လေးစားရတဲ့ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ မွေးရာပါ မွတ်စလင်အသိုင်းအဝိုင်းက ပေါက်ဖွားလာတာမှန်ပေမယ့် ဗိုလ်မှူးစောလွင်ကို လူမျိုးမရွေး ဘာသာမရွေး ချစ်ခင်ကြ လေးစားကြပါတယ်။

ဗိုလ်မှူးစောလွင်ဟာ ငယ်စဉ်ကတည်းက စာတော်ပြီး သူတို့ခေတ်က လူရည်ချွန်လည်းဖြစ်ခဲ့တဲ့သူပါ။အသက်အရွယ်ရောက်လာတော့ မတရားတဲ့စစ်အာဏာရှင်စနစ်ကို တော်လှန်ဖို့ လက်နက်ကိုင်တိုက်ပွဲထဲရောက်ခဲ့ပါတယ်။လက်နက်ကိုင်တိုက်ပွဲနဲ့မှ စစ်အာဏာရှင်စနစ်ကို ဖြိုချလို့ရမယ်လို့ သူယုံကြည်ခဲ့တဲ့အတွက် သူ့ဘဝတသက်တာမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေးအလံကလွဲရင် အခြားဘာအလံမှ မထောင်ခဲ့ပါဘူး။ ကျဉ်းမြောင်းတဲ့ လူမျိုးရေးအမြင်ကို မကိုင်စွဲခဲ့သလို မဟာလူမျိုးကြီးဝါဒကိုလည်း ခါးခါးသီးသီးဆန့်ကျင်ခဲ့သူပါ။ ဗိုလ်မှူးဆီမှာရှိတာကတော့ နိုင်ငံတကာလူမျိုးစုံသွေးစည်းညီညွတ်ရေးဝါဒပဲဖြစ်ပြီး ကျူးဘားတော်လှန်ရေးမှာ ချေဂွေဗားရားပါဝင်ခဲ့သလို တရုတ်တော်လှန်ရေးမှာ နော်မန်ဗက်သွန်းဖြတ်သန်းခဲ့သလို ဗမာပြည်တော်လှန်ရေးမှာ ရဲဘော်ဂိုရှယ်၊ဒေါက်တာနတ်၊ရဲဘော်မူကာဂျီတို့ အသက်စွန့်ခဲ့သလို ကယန်းပြည်သစ်ပါတီရဲ့ မပြီးဆုံးသေးတဲ့တော်လှန်ရေးခရီးစဉ်မှာ သူ ပါဝင်ချီတက်ခဲ့လေရဲ့။

လက်နက်ကိုင်ပေမယ့် သူ့ရဲ့နူးညံလှတဲ့နှလုံးသားကနေ ကဗျာတွေလည်း တခါတရံ ထွက်ပေါ်လာတတ်ပါတယ်။

ကမ္ဘာလောကရဲ့ သမီး

ဆီရွှဲပြီး နက်ပြောင်နေတဲ့ ဆံပင်ကို
အကျအနဖီးလို့
သနပ်ခါးကို မှုန်နေအောင် လိမ်းထားတဲ့
သမီးလေးဟာ
စိမ်းမြတဲ့ ရွက်နုတွေအကြား
ငုံနေတဲ့ စပယ်ဖြူလေးလို
လှပလန်းဆန်းနေတယ်။
အိပ်ရာထ၊ မျက်နှာသစ်၊ အဝတ်လဲ
ကျောင်းသွားဖို့
ပြင်ဆင်နေတဲ့
သမီးလေးဟန်ပန်က
လေပြေနဲ့အတူ
ယိမ်းနွဲ့နေတဲ့ စပယ်ငုံလေးပေါ့။
သမီး
လမ်းကူးရင် သတိထားနော်
ဆော့လည်းမသွားနဲ့
ကျောင်းလွှတ်ရင် အိမ်ကိုတန်းပြန်ခဲ့
ဟုတ်လား… သမီး၊
နားထောင်နေတဲ့ သမီးလေးဟာ
ပါးချိုင့်လေးနဲ့ တခါပြုံး
အဖေ့ပါးကို တစ်ချက်နမ်းလို့
ပေါ့ပါးစွာပြေးထွက်သွားခဲ့တယ်
လွယ်အိတ်လေးကို
မနိုင့်တနိုင်ဆွဲလို့
ဂါဝန်လေးက လေမှာလွှဲလို့
ပြန်ရောက်မလာတော့ပါလား၊
“ကလေးတွေ သတ္တိ ရှိလိုက်ကြတာ
ခွေးတွေ ရက်စက်လိုက်ကြတာ
ကောင်မလေးတစ်ယောက်ဆိုရင်….”
အို…
တော်ကြပါတော့ တော်ကြပါတော့
ဆက်မပြောကြပါနဲ့တော့ဗျာ၊
သမီးလေးရယ်
အဖေနဲ့အမေတို့ရဲ့
အချစ်တွေနဲ့တင် မလုံလောက်လို့
ကမ္ဘာလောက တစ်ခုလုံးရဲ့အချစ်ကို
သိမ်းကြုံးပြီး အရယူသွားလေရော့သလားကွယ်။

ဌေးအောင်

ဗိုလ်မှူးကဗျာထဲက ကလေးမလေးဟာ ဘာလူမျိုး ဘာ ဘာသာဝင်လို့ ကျနော်တို့မသိရပေမယ့် သူ့ကို စစ်အာဏာရှင်တွေ ရက်ရက်စက်စက် ပစ်သတ်လိုက်ကြတယ်ဆိုတာတော့ အသေအချာသိခဲ့ရပါတယ်။ ကျနော်တို့ ရမ်းကားတဲ့ဖက်ဆစ်ဝါဒီတွေကို ခံပြင်းဒေါသထွက်ရသလို ကလေးမလေးအပေါ်တော့ အချစ်တွေ၊အကြင်နာတွေ စုပြုံပေးအပ်ခဲ့ကြတယ်မဟုတ်ပါလား။ကလေးမလေးဟာ ကမ္ဘာလောကရဲ့သမီးလေးတယောက်ဖြစ်သွားရတာကို ကဗျာရေးသူက ဖော်ကျူးခဲ့သလို သူကိုယ်တိုင်ကလည်း ဘယ်လူမျိုး၊ဘယ်ဘာသာက အဓိကမဟုတ်ဘဲ ကမ္ဘာလောကကြီးရဲ့ အဖိုးတန်သားတယောက်ဖြစ်ခဲ့တယ်ဆိုတာကို ကျနော်တို့ မမေ့သလို သူ့တန်ဖိုးကို သိနားလည်နေတဲ့ ကမ္ဘာသူကမ္ဘာသားတွေလည်း မေ့နိုင်မယ်မထင်ဘူးလို့ ပြောချင်ပါတယ်ခင်ဗျာ။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *