ရဲရင့်သူတို့ အောင်ပွဲ(သို့မဟုတ်) ကျနော်၏ မှတ်မှတ်ရရ ရဲဘော်မျာ

စစ်သားများကလည်း သေနတ်များ ပစ်ဖေါက်ကာ လူအုပ်ကြီးကို ၀င်ရောက် ဖြိုခွင်းတော့တယ်။ သေနတ်ပြောင်းနှင့် အထိုးခံရသူများ၊ ခြေနှင့် အကန်ခံရသူများ၊ အဖမ်းခံရသူများ အများအပြားရှိသလို ကလေးသူငယ်များအား နည်းရာ အိမ်များက ခေါ်ယူ ထိမ်းသိမ်းပေး ထားကြတယ်။ ပစ်ခတ်မှုကြောင့် ပြေးကြ လွှားကြနဲ့ ရှုပ်ထွေးနေချိန်၊ သေနတ်သံများ ဆူညံနေချိန်၊ ပန်းခွေများဖြင့် ချီတက်နေသူ ကျောင်းသူ လေးဦးမှာ သေနတ်သံများကြောင့် ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ပြေးလွှားခြင်း၊ ရပ်တန့်ခြင်း မရှိဘဲ သူတို့ နောက်ကျောမှ သူတို့အား ပစ်မည်ဆိုလျင် သူတို့ ထိုလမ်းမကြီးပေါ်တွင် အသေခံသွားမည့် စိတ်ဓါတ်ဖြင့်

ငြိမ်းစု

ဒီနေ့ မနက်ဟာ ခါတိုင်းနေ့တွေနဲ့ မတူ ခြောက်သွေ့လွန်းလှတယ်။ လမ်းဘေး ပလက်ဖေါင်းပေါ် သွားလာသူက နှစ်ယောက် သုံး ယောက်၊ လမ်းမပေါ်မှာလည်း ကား မပြောနဲ့ ဆိုက်ကားတောင် မတွေ့ရဘူး။ တမြို့လုံး တိတ်တိတ်လေး ကြေကွဲနေကြတယ်။ ဟုတ်တယ် ဒီနေ့ဟာ ဒီမြို့လေး တမြို့တည်းအတွက် ၀မ်းနည်း ကြေကွဲဘွယ် နေ့တနေ့ မဟုတ် မြန်မာ တနိုင်ငံလုံးအတွက် ဗိုလ်ချုပ်အောင်ဆန်း နဲ့ တကွ အာဇာနည်များ အသက်ပေးခဲ့ရတဲ့ ဇူလိုင် ၁၉ ရက်နေ့ဖြစ်တယ်။

တခဏအတွင်းမှာ ခြောက်သွေ့နေတဲ့ လမ်းမကြီးပေါ်မှာ အဖြူ အစိမ်း၀တ်ထားတဲ့ ကျောင်းသားကျောင်းသူများ စုဝေးရောက် ရှိလာကြသလို၊ လမ်းဘေး ပလက်ဖေါင်းပေါ်မှာလည်း ပြည်သူတွေ ပြည့်နက်သွားတယ်။ လေးယောက်တတန်း တန်းစီထားတဲ့ ကျောင်းသားကျောင်းသူများဟာ အရာရာကို ရင်ဆိုင်ကျော်လွှားဘို့ စိတ်ပိုင်းဖြတ်ထားကြတယ်။

ရှေ့ဆုံးမှာ ပန်းခွေ နှစ်ခွေကို ကိုင်ဆောင်ထားတဲ့ အလယ်တန်း ကျောင်းသူကလေး လေးဦး၊ သူတို့နောက်မှာတော့ မူလတန်း ကျောင်းသားကျောင်းသူလေးများက စလို့ အလယ်တန်း အထက်တန်းနှင့် ကောလိပ် ကျောင်းသားကျောင်းသူများ အဆုံးပေါ့။ အားလုံးရဲ့ ထိပ်ဆုံးမှာတော့ သတ်ရင်လည်း အသေခံ၊ ဖမ်းရင်လည်း အဖမ်းခံပြီး မိမိတို့ လိုရာခရီး အတွက် ရင်ဆိုင်ဖြေရှင်းမယ့် ကျောင်းသားတယောက် သူ့လက်ထဲမှာက ဗိုလ်ခင်ညွန့်ရဲ့ အာဇာနည်များအား လွတ်လပ်စွာ ဂါရ၀ ပြုခွင့် ပြုသည်ဟူသော တရား၀င်ထုတ်ပြန်ချက်ပါသည့် သတင်းစာ တစောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။

ကျောင်းသားကျောင်းသူပေါင်း တရာ့ ငါးဆယ်ကနေ နှစ်ရာနည်းပါးရှိပြီ့း စည်းကမ်းတကျ စီတန်းထားတဲ့ လူတန်းကြီး ထွက်ခွါလိုက်သည်နှင့် တပြိုင်တည်း စစ်ကားသုံး စီးဟာ ချီတက်ရာလမ်းကြောင်း ရှေ့မှာ ရုတ်တရက် ၀င်ရောက် ရပ်တန့်ပြီး စစ်သားများ ကလည်း ချက်ခြင်းဆိုသလို ကားပေါ်မှ ခုန်ဆင်း ပိတ်ဆို့လိုက်တယ်။

ဒီအခြေအနေကို ကြိုတင် တွက်ဆထားသော ကျောင်းသူ/သားများဟာ တုန်လှုပ်ခြင်း မရှိဘဲ၊ တည်ညိမ်စွာနဲ့ ရပ်တန့်လိုက်ကြတယ်။ စစ်ကား တစီးပေါ်မှာ စစ်ဗိုလ်တဦး ခက်ထန်မာကျောသော မျက်နှာဖြင့် ယုတ်ရမ်း ကြမ်းတမ်းစွာ ဆဲဆိုရင်း ဆင်းလာတယ်။ တပြိုင်နက်တည်းဆိုသလို သတင်းစာကိုင်ဆောင်ထားသည့် ကျောင်းသား ရှေ့ထွက် သွားတယ်။ သူတို့ ဗိုလ်ချုပ်ကျောက်ရုပ်သို့ သွားရောက် ပန်းခွေချမည်ဖြစ်ကြောင်း ပြောလိုက်တယ်။ စစ်ဗိုလ်က လက်မခံ လူစုခွဲရန် သာပြောတယ်။

ကျောင်းသားက လက်ထဲမှာ ပါလာတဲ့ သတင်းစာကို ပြလိုက်ပြီး သူတို့ နှစ်ဦး အခြေအတင် ပြောဆိုနေရာက လေးယောက်တတွဲ သွားခွင့်ပြုလိုက် တယ်။ စစ်ဗိုလ်က ခွင့်သာပြုလိုက်ရတယ် သိပ်ကျေလည်ပုံမရ၊ ကျောင်းသားများကတော့ မရ ရသည့် နည်းဖြင့် ချီတတ်ရန် ဆုံးဖြတ်ပြီးသားပါ။ ပထမဦးဆုံး လေးယောက်ထွက်လာသည် သူတို့က ပန်းခွေကိုင်ထားသည့် ကျောင်းသူကလေး လေးဦး ဖြစ်တယ်။

ဓါတ်ပုံ – ပြည်သားလေး

သူတို့လေးဦး စတင်ချီတက်သွားပြီ ဖြစ်၍ နောက် လေးဦးက အရန်သင့်စောင့်ချိန်တွင် စစ်ဗိုလ်က သူနှင့် စကားပြောခဲ့သော ကျောင်းသားအား အတင်း ၀င်ရောက် ဖမ်းဆီးလိုက်တယ်။ ထို့ကြောင့် လမ်းဘေး တဖက်တချက်တွင် ရပ်ကြည့်နေသော လူထုကြီးက ကျောင်းသားကို အကာအကွယ် ပေးရင်း စစ်ဗိုလ်အား ဝိုင်းရန်ထားလိုက်ကြတယ်။ ရုတ်တရက် ဝိုင်းအုံလာသော လူအုပ်ကြီးကို မြင်လိုက်သည့် စစ်ဗိုလ်မှာ သူ့ခါးမှ သေနတ်ကို ထုတ်၍ မိုးပေါ်သို့ ထောင်ပစ်လိုက်တယ်။

တချိန်တည်းမှာ လမ်းကြောင်းကို ပိတ်ထားသော စစ်သားများကလည်း သေနတ်များ ပစ်ဖေါက်ကာ လူအုပ်ကြီးကို ၀င်ရောက် ဖြိုခွင်းတော့တယ်။ သေနတ်ပြောင်းနှင့် အထိုးခံရသူများ၊ ခြေနှင့် အကန်ခံရသူများ၊ အဖမ်းခံရသူများ အများအပြားရှိသလို ကလေးသူငယ်များအား နည်းရာ အိမ်များက ခေါ်ယူ ထိမ်းသိမ်းပေး ထားကြတယ်။ ပစ်ခတ်မှုကြောင့် ပြေးကြ လွှားကြနဲ့ ရှုပ်ထွေးနေချိန်၊ သေနတ်သံများ ဆူညံနေချိန်၊ ပန်းခွေများဖြင့် ချီတက်နေသူ ကျောင်းသူ လေးဦးမှာ သေနတ်သံများကြောင့် ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ပြေးလွှားခြင်း၊ ရပ်တန့်ခြင်း မရှိဘဲ သူတို့ နောက်ကျောမှ သူတို့အား ပစ်မည်ဆိုလျင် သူတို့ ထိုလမ်းမကြီးပေါ်တွင် အသေခံသွားမည့် စိတ်ဓါတ်ဖြင့် ကျဆုံးသွားသော အာဇာနည် သူရဲကောင်း များအား ဂါရဝြပုရာ ဗိုလ်ချုပ် ကျောက်ရုပ်သို့ ဦးတည်ချီတက်နေတယ်။

ချီတက်ရ လမ်းတလျှောက် အိမ်များ စျေးဆိုင်များမှ ပြည်သူများကလည်း လက်ခုတ်တီး၍ အားကြသောကြောင့် သူတို့ လေးဦးမှာ အင်းအားများ ပြည့်ဝနေတယ်။ အကြောက်တရားများ ကင်းဝေးစေတယ်။ လမ်းမအလယ်မှာ အဖြူ အစိမ်းဝတ် ကျောင်းသူကလေး လေးဦး ပန်းခွေများ ကိုင်ဆောင်ရင် တည်ညိမ်အေးငြိမ်းစွာ ချီတက်နေသော မြင်ကွင်းကို မြင်နေရသူအဖို့ အားရဖွယ်၊ ကြည်နူးဖွယ် ကောင်းသလို၊ စိတ်မချမ်းမြေ့ဖွယ်၊ ကြေကွဲဖွယ်ရာများဖြင့် ပြည့်နက်နေတယ်။

လက်နက်မဲ့ ပြည်သူတွေကို ရက်စက်စွာ ဖြိုခွင်းလိုက်ခြင်းကြောင့် ကြောက်ရွံ တုန်လှုပ်သွားပြီဟု ထင်ခဲ့လျှင် သူတို့ မှားသွား လိမ့်မည်။ နောက်တကြိမ် ကျောင်းသားပြည်သူများ ပြန်လည် စုစည်းကြပြန်တယ်။ ဗိုလ်ချုပ်ကျောက်ရုပ်နှင့် သိပ်မဝေးလှ ကျောင်းသူလေးဦး အာဇာနည်များအား ပန်းခွေချ အလေးပြုနေတာကို လှမ်းမြင်နေရတယ်။ စစ်တပ်ကလည်း ထိုနေရာကိုပဲ ထပ်မံ ပိတ်ဆို့ပြန်တယ်။ ဒါပေမယ့်ကျောင်းသားပြည်သူများရဲ့ စည်းလုံးညီညွတ်မှုအားကို မခံနိုင်တဲ့ အဆုံး လေးယောက်တတွဲ အလေးပြုခွင့်ကို ပြန်လည် ရရှိခဲ့ပြန်တယ်။

ကျောင်းသူလေးဦးဟာ ပန်းခွေချ အလေးပြုပြီး စထွက်ခဲ့စဉ်ကလိုပဲ နှစ်ယောက်တတွဲ ပြန်ထွက်လာတယ်။ လူထုနှင့် ဗိုလ်ချုပ် ကျောက်ရုပ်အလယ် ကြား အရောက်မှာ ကျောင်းသားတယောက် သူတို့အနားသို့ ရောက်လာပြီး “ဘာမှ မစိုးရိမ်နဲ့ တို့အောင်မြင်တယ်။ မင်းတို့ ငါတို့ကို ပစ်ပြီး လူစုခွဲတဲ့ နေရာအထိ ဆက်လျှောက်ပါ”လို့ ကပ်ပြောသွားခဲ့တယ်။

သူတို့လေးဦး လူထုကြီးနဲ့ နည်းလာလေလေ သူတို့ကို အားပေးသံ လက်ခုတ်တီးသံဟာ ပို၍ ပို၍ ဆူညံစွာ ထွက်ပေါ်လာခဲ့တယ်။ လူထုအနီး ရောက်လာတဲ့ သူတို့ကို စစ်ဗိုလ်တဦးက လမ်းဘေးက ဆင်းလျှောက်ဖို့ ပြောလာတယ်။ သူတို့ကလည်း တည်ညိမ်စွာနဲ့ “ကျမတို့ ကျောင်းသားတွေကို ပစ်ပြီး လူစုခွဲတဲ့ နေရာ ရောက်တဲ့ အထိ ဆက်လျှောက်မယ်”လို့ ပြန်ပြောလိုက်တယ်။ လူထုကြီးဟာ သူတို့အနား ရောက်လာတဲ့ ကျောင်းသူလေးဦးကို အားပေးရင်း အံ့ဩနေကြတယ်။ သူတို့ မရပ်သေး ဆက်လျှောက်နေဆဲမို့ လူထုကြီးက လမ်းရှင်းပေးရင်း အားပေးရင်းနဲ့ သူတို့ကို ငေးကြည့် နေကြတယ်။

မပြီးဆုံးသေးတဲ့ သူတို့ ခရီးလမ်းရဲ့ ဘေးတဖက်တချက်မှာ ရှိနေတဲ့ အိမ်တွေထဲက ပြေးထွက်ပြီး အားပေးကြ၊ တချို့ဆို ဘုရားစင်က သပြေပန်းတွေ ကမ်းကြ၊ တချို့ကတော့ ၀မ်းနည်း ၀မ်းသာဖြစ်ပြီး မျက်ရည်တွေ ဝိုင်းလို့ပေါ့။ သူတို့ကတော့ မလျော့သော ဇွဲ သတ္တိ နဲ့ အကြောက်တရားကို ဖယ်ရှား မောင်းထုတ်ထားပြီး ခရီးဆုံးဖြစ်တဲ့ ပန်းတိုင်အရောက် လျှောက်လှမ်းလျက် … …။

၁၉၉၀ ခုနှစ် အာဇာနည်နေ့ရဲ့ ဒီမြင်ကွင်း၊ ပြည်မြို့က ကျောင်းသားပြည်သူတို့ရဲ့ ညီညွတ်ခြင်း၊ ရဲရင့်ဖြတ်သားတဲ့ ကျောင်းသားရဲဘော် တဦးနှင့် ကြောက်ရွံ့မှု ကင်းဝေးပြီး ဇွဲသတ္တိအပြည့်နဲ့ မိမိတို့ ရည်မှန်းချက် ပန်းတိုင်သို့ လျှောက်လှမ်းနိုင်ခဲ့ကြသော ကျောင်းသူကလေး လေးဦးတို့အား နှစ်တွေ ဘယ်လောက်ပင်ကြာမြင့်ပါစေ သူတို့အားလုံး၏ ယုံကြည်မှု၊ စိတ်ဓါတ်ကြံခိုင်မှုများအပေါ် အမြဲ မှတ်မှတ်ရရ ဂုဏ်ပြုလေးစားလျက်ရှိနေရပါတယ်။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *