မေတ္တာနှောင်ကြိုး

သောကတွေ ပွေ့ပိုက်ထားတဲ့ ကျမ ည’ညဆို အိပ်လို့ မရ၊ ခွေးဟောင်သံကြားတိုင်း ထ’ထကြည့်ရ၊ ငါ့များ လာဖမ်း သလားပေါ့။ ဒီကြားထဲ သူ့အတွက် စိတ်ပူရ၊ သူ့အဖေက သူ့သားအတွက် ဂုဏ်ယူ မဆုံးပေါ့

ငြိမ်းစု

ကျမတို့ အိမ်ထောင်သက်တမ်း သုံးနှစ်ကျော် လေးနှစ်နည်းပါးမှာ သူအိမ်ကပျောက်သွားတယ်။ တခါတုံးက သူကို နိုင်ငံရေး လုပ်လို့ လာဖမ်းကြတော့ ကျမ ရှိနေတယ်။ သူ့ကို လာဖမ်းကြစဉ်က ကျမတို့ အိမ်ထောင်သက် တနှစ်ခွဲဘဲ ရှိသေးတယ်။ ခဏဆိုပြီး ခေါ်သွားလိုက်တာ တနှစ်ကျော်မှ အိမ်ပြန် ရောက်လာတယ်။ ၉၀ ရွေးကောက်ပွဲပြီးတော့ တခါ ပြေးရ ပုန်းရ ပြန်တယ်။ ကျမ နောက်ဆုံး သူ့ကို တွေ့လိုက်ရတာက ဂန္ဒီအစည်းအဝေး မတိုင်ခင် တရက်က ဖြစ်ပါတယ်။

အခုလည်း ကျမ ကွယ်ရာမှာ အဖမ်းများ ခံရပြန်ပြီလား၊ ရဲစခန်း သွားမေးတော့လည်း မရှိ၊ ထောင်ထဲလည်း မရောက်၊ ဆေးရုံမှာလည်း မတွေ့၊ ကျမ ခေါင်းတွေ ဝေသွားတယ်။ နောက် နှစ်လ၊ သုံးလလောက်ကြာမှ သူတယောက် ကျောင်းသား တပ်မတော်ကို ရောက်နေ တာ သိရတယ်။ ဘယ်နေရာ ဘယ်ဒေသ မှန်းလည်း မသိ၊ သူ ရှိနေတာကို သိရတော့ ကျမ အတွက် စိတ်အနည်းငယ် သက်သာ သွား တယ်။

ဒါပေမယ့် “ဘယ်အချိန်များ ငါ့လာပြီး စစ်ဆေး မေးမြန်း မလည်း” အတွေးစိတ်နဲ့ မန္တလေးက အမေ့အိမ် ပြန်ခဲ့ရတယ်။

သောကတွေ ပွေ့ပိုက်ထားတဲ့ ကျမ ည’ညဆို အိပ်လို့ မရ၊ ခွေးဟောင်သံကြားတိုင်း ထ’ထကြည့်ရ၊ ငါ့များ လာဖမ်း သလားပေါ့။ ဒီကြားထဲ သူ့အတွက် စိတ်ပူရ၊ သူ့အဖေက သူ့သားအတွက် ဂုဏ်ယူ မဆုံးပေါ့။ ၂ နှစ်လောက်ကြာတော့ သူတိုက်ပွဲမှာ ဒဏ်ရာရတယ် ကြားတယ်။ ကျမ နှလုံးသား ပြုတ်ထွက် မတတ် တုံခါသွားတယ်။

“ဒီတသက် သူနဲ့ ပြန်ဆုံနိုင်ပါဦးမလား”

မှတ်မှတ်ရရ ကျမ အဲဒီနေ့က ပျော်ကလည်း ပျော်၊ ကြောက်ကလည်း ကြောက်၊ ငါး နှစ်လောက်ကြာမှ သူ့ဆီက ကျမအတွက် စာတ စောင် ရောက်လာတယ်။ သူ့ စာလေးကို ကိုင်ထားတဲ့ ကျမ လက်ဖျားတွေများဆို အေးလို့၊ လူကွယ်ရာမှာ စာကို ဖေါက်ဖတ်လိုက်တော့ နေကောင်း ကျမ္မာကြောင်း စာတိုလေးနဲ့ ကဗျာတပုဒ် …

“ခွင့်လွတ်လိုက်ပြီ မခင်သီ”

နှစ်နှစ်ကာ
ပြစ်ခွါရက်ပါဘု
မောင့်မေတ္တာ
မေ့ရင်မှာ စုစေ
လွမ်းမျက်ရည် သုတ်လိုက်ပေတော့
(ရှင်မရေ …)
ဘဝသစ် သာထု။ ။

ပါးပြင်ပေါ်က စီးဆင်းဖြတ်သန်းသွားတဲ့ မျက်ရည်တွေက ကျမ နှလုံးအိမ်တွင်းသို့ စီးဆင်းဝင်ရောက် လာတယ်။ ကျမ သူနဲ့ တွေ့ချင် သည်၊ မေးချင်သည်၊ သူ ဘာကြောင့်များ ဒီလို ရေးလိုက်ရ သနည်း၊ ကျမရဲ့ သစ္စာတရားကို သူ မယုံကြည်၍ မဖြစ်နိုင်ပါ။ သူ့မှာ ကျမကို မသိစေ ချင်သော အကြောင်းတခု ရှိနေမယ်လို့ ကျမ ထင်မိတယ်။

“သူ သစ္စာ မ’မဲ့တန်ကောင်းပါရဲ့ …”

မျှော်တွေးရခြင်း ဒုက္ခတွေနဲ့ ခံစားနေရတဲ့ ကျမကို ဘယ်သူမှ စာနာ နားလည်းပေးနိုင်မည် မဟုတ်ပါ။
သူ့စာရတာ သုံးနှစ်တောင် ကျော်ခဲ့ပြီ၊ သူ့ဆီက နောက်ထပ် ဘာအကြောင်းမှ မကြားရ။ ကျမ ညစာ စားရန် ပြင်ဆင်နေချိန် ဖုန်းခေါ် သံကြားလို့ သွားကိုင်လိုက်တယ်။ ဒီနေ့ဟာ ကျမအတွက် သူ့အသံကို ရှစ်နှစ်အတွင်းမှာ ပထမဦးဆုံးအကြိမ် ပြန်ကြားလိုက် ရတယ်။ ကျမ ဝမ်းသာရ မလို၊ ဝမ်းနည်းရ မလို၊ ရင်ထဲ တမျိုးကြီး ဖြစ်သွားတယ်။ စိတ်မချမ်းသာစရာတခုက သူ့ဘဝ တဆစ်ချိုး ပြောင်းလွဲ သွားခဲ့တယ်။ သူပြောနေတာကို နားထောင်နေရင်း ကျမရဲ့နားတွေ မယုံနိုင်လောက်အောင် ကွဲအက်လာတယ်။ ရင်ဘတ်ကြီး တခုလုံး တင်းကျပ်လာတယ်။ ဘယ်လိုမှ အသက်ရှူလို့ မရတော့တဲ့ အခိုက်မှာ ကြီးမားတဲ့ သက်ပြင်း တချက်ချလိုက်ပြီး အသက်ကို မှန်မှန် ပြန်ရှူနိုင်အာင် မနဲ ကြိုးစားခဲ့ရတယ်။

”သူ မျက်လုံး တလုံး ဆုံးရှုံးခဲ့ပြီး ကျန်တလုံးက ခွဲစိတ်ကုသ ထားရသလို လက်တွေလဲ မရှိတော့ဘူးတဲ့ … ”

ကျမ နှလုံးသားကို ကျမ ကိုယ်တိုင်ပဲ နှစ်သိမ့်ခဲ့ရတယ်။ သူ အသက်ရှင်လျှက် ရှိနေတာကိုက ကျမအတွက် ကံတရားရဲ့အကောင်းဆုံး လက်ဆောင် တခုပဲလေ။

ဒီလိုနဲ့ ကျမ သူနဲ့ တလ တခါ၊ နှစ်လ တခါ၊ ဖုန်းပြော ဖြစ်ကြတယ်။ သူ အမေရိကန်နိုင်ငံကို ရောက်သွားလို့ စိတ်သက်သာရာ ရပေမယ့် ဘယ်လိုနေ ဘယ်လို စားမလဲ တွေးရင်း သောကများခဲ့ရတယ်။ သူ့ပြောပုံဆိုပုံကို ကြည့်ရတာတော့ ဘဝကို အရှုံးပေးဖို့ တိုရည်ရှားရည် နိုင်လွန်းလှတယ်။ ကျမဖြင့် ဝမ်းနည်းရ မလိုလို၊ ဝမ်းသာရ မလိုလို၊ ကျမ နှလုံးသားထဲ ဘယ်လိုဖြစ်သွားတယ် မသိတော့ပါဘူး။

”ငါ နောက်ဆုံးလုပ်ရမှာက ခွက်ဆွဲ တောင်းစားဖို့ပဲ”
“အေး … ဒီလို ဘဝမျိုး မရောက်အောင် ကြိုးစားရမှာက ငါ့တာဝန်”
”ကြိုးစားခြင်းရဲ့ နောက်ကွယ်မှာ အောင်မြင်မှုဆိုတာ ရှိပါတယ် ဟာ”

သူကို ကျမ ယုံတယ်။ သူက ပြောရင် ပြောသလို လုပ်တတ်တယ်လေ။

ကျမ သူ့အပေါ် သစ္စာရှိသလို သူကလည်း ကျမအပေါ် မေတ္တာ မဖျက်ခဲ့ဘူး။ သူ ဘယ်ဘဝမျိုး ရောက်နေ ရောက်နေ ကျမဟာ သူ့ရဲ့ ဇနီးမယား တယောက်အနေနဲ့ တာဝန်ကျေဖို့ လိုတယ် မဟုတ်လား။ ကျမရဲ့သစ္စာတရား သူ့ရဲ့မေတ္တာတရားတွေဟာ မှန်ကန်ခဲ့ကြတာ ကြောင့် ၁၆ နှစ်တာ ခွဲခွါခဲ့ရပေမယ်ှ့ ကျမ မျှော်လင့်ခဲ့သလို သူနဲ့ ပြန်လည် ဆုံတွေ့ခွင့် ရခဲ့ပါတယ်။ ကျမရဲ့တည်ကြည်တဲ့ သစ္စာနဲ့ သူ့ရဲ့မွန်မြတ်တဲ့ မေတ္တာတရားတွေကို ခိုင်မာသည်ထက် ပိုမို ခိုင်မာစေဖို့ နှောင်ကြိုး နှစ်ချောင်းက ရစ်ပတ်တွယ်လျှက် ရှိနေပါတော့ တယ်။

သစ္စာမဖျက်၊ မေတ္တာဆက်က ဝေးကွာသူတိုင်း ပြန်လည်ဆုံတွေ့ နိုင်ကြပါစေ။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *