မတရားသည့် နိုင်ငံရေးစနစ်များကို မမှိတ်မသုန် တွန်းလှန်တိုက်ဖျက်ကြရမည်ဟု KNU ဥက္ကဋ္ဌ ပြောကြား 

RNA_ဇန်နဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။

မိမိတို့အမျိုးသားများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးဖြစ်နေသည့် မတရားသည့် နိုင်ငံရေးစနစ်များကို မှိတ်မသုန် တွန်းလှန်တိုက်ဖျက်ကြရမည်ဟု ကရင်အမျိုးသားအစည်းအရုံး ( KNU) ဗဟို ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖို့က ပြောကြားထားသည်။

ယနေ့ ၂၀၂၂ ခုနှစ်၊ ‌ဇန်နဝါရီလ ၂ ရက်နေ့သည် သလေ လဆန်း ၁ ရက်၊ ၂၇၆၁ ခုနှစ်မြောက် ကရင့်အမျိုးသားလုံးဆိုင်ရာ နှစ်သစ်ကူးနေ့ဖြစ်ကြောင်း၊ ကရင်အမျိုးသားလုံးဆိုင်ရာ နှစ်သစ်ကူးနေ့သည် ကရင်အမျိုးသားများ၏ ယဉ်ကျေးမှု၊ ဘဝ၊ ဓလေ့ ၊ ထုံးတမ်းစဉ်လာများသည် အမျိုးသားလက္ခဏာတရပ်ဖြစ်ကြောင်း သိရသည်။

” လူမျိုးတစ်မျိုး အနေဖြင့် လူမျိုးတစ်မျိုး၏ ဂုဏ်သိက္ခာ၊ လူမျိုးတစ်မျိုး၏ ဂုဏ်အင်္ဂါအရပ်များနှင့် ပြီးပြည့်စုံပြီး ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက် ဘာသာ တရားကိုင်းရှိုင်းပြီး ရိုးသားဖြောင့်မတ်စွာ ကျင့်ကြံခြင်း၊ ခေတ်၏ တက်သိပညာများကို ဆည်းပူးရယူခြင်းနှင့် ဘဝ အသက်တာတွင် ကြိုးစားအားထုတ်ရုံဖြင့် မလုံလောက်ပေ။ အတင်းအဓမ္မလုယူထားခြင်း ခံနေရသော မိမိတို့၏ အခွင့်အရေးများကို ပြန်လည်ရယူပြီး မိမိတို့ အမျိုးသားများ၏ အခွင့်အရေးများနှင့် မိမိတို့ အမျိုးသားများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးဖြစ်နေသည့် မတရားသည့် နိုင်ငံရေး စနစ်များကို မမှိတ်မသုန် တွန်းလှန်တိုက်ခိုက်ကြရပါမည်။ ထို့အပြင် အယောက်စီတိုင်း မိမိတို့၏ ကျရာ အခန်းကဏ္ဍ အသီးသီးတွင် မိမိတို့ အမျိုးသားများ၏ ဘဝအနာဂါတ်လှပရေးနှင့် မိမိတို့ အမျိုးသားများ၏ ဂုဏ်အင်္ဂါ လက္ခဏာရပ်များကို တိုက်ခိုက်ဖျက်ဆီးလာမည့် ရန်သူမျိုးပေါင်းမှ ခုခံတွန်းလှန်ကြရပါမည်” ဟု KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးက ယနေ့ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ ပေးပို့သည့် သဝဏ်လွှာတွင် ကရင်အမျိုးသားများကို ပြောကြားထားသည်။

KNU အနေဖြင့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကြိုးစားခဲ့သော်လည်း အာဏာသိမ်းမှုကြောင့် ကြိုးစားခဲ့သမျှ အလဟသ ဖြစ်ခဲ့ရကြောင်း၊ စစ်အာဏာရှင်များမှ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနှင့် မှန်ကန်သော စိတ်စေတနာဖြင့် ဖြေရှင်းလိုစိတ် ဝေးနေသမျှ ကာလပတ်လုံး တွေ့ဆုံဆွေးနွေးရေးနှင့် ပြည်တွင်းငြိမ်းချမ်းမှု တည်ဆောက်ရေး ကြိုးပမ်းမှုသည် မည်သို့မျှ ဖြစ်ပေါ်လာမည်မဟုတ်ကြောင်း၊ နိုင်ငံအဝှမ်းမှ ပြည်သူများ အထူးသဖြင့် လူငယ် လူရွယ်များ ပကတိ အခြေအနေမှန်နှင့် အဖြစ်မှန်များကို နားလည်သဘောပေါက်ပြီး လက်နက်ကိုင် ခုခံတိုက်ပွဲဝင်နေသည်မှာ မျက်ဝါးထင်ထင် တွေ့မြင်နေကြရပြီဟု သဝဏ်လွှာအတွင်း ထည့်သွင်း ပြောကြားထားသည်။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *