စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ၁၈ မြို့နယ်က ပြည်သူများကို တိုက်ခိုက်သတ်ဖြတ်နေ 

RNA_ဒီဇင်ဘာ ၂၂ ရက်၊ ၂၀၂၁ ခုနှစ်။

အာဏာသိမ်းစစ်ကောင်စီက နိုဝင်ဘာလ (၂၂) ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း ၁၈ မြို့နယ်က အရပ်သားပြည်သူများအပေါ် လေကြောင်း အသုံးပြုတိုက်ခိုက်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ထန်တလန်၊ ဆော၊ ရေဦး၊ ကနီ၊ ဒီပဲယင်း စသည့် (၁၈) မြို့နယ်တို့ကို လေကြောင်း အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ် အကျအဆုံးများနေသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်တွင် လေကြောင်းအသုံးပြုလာနိုင်သည့်အတွက် No FLY Zone အဖြစ် ကုလသမဂ္ဂက အစည်းအဝေးခေါ်ပြီး အရေးပေါ်သတ်မှတ်ပေးရန် KNU က တောင်းဆိုထားသည်။

” အကြမ်းဖက်စစ်ကောင်စီရဲ့လုပ်ရပ်ကိုကြည့်မယ်ဆိုရင် လေကြောင်းကိုအသုံးပြုပြီးတော့ တိုက်ခိုက်တာတင် မကတော့ဘဲ ဒေသတစ်ခုလုံးမှာရှိတဲ့ ပြည်သူတွေအနေနဲ့ ကျေးရွာတခုလုံးဖျက်ဆီးပြီး နေလို့မရတော့လောက်အောင်၊ သူတို့ရဲ့ ရိက္ခာ အစားအစာတွေအားလုံး လုံးဝပျက်စီးသွားအောင် ရည်ရွယ်ပြီး ဖျက်ဆီးလုပ်ဆောင်နေတာ ထင်ရှားလှပါတယ်။ စစ်ရေးအရမဟုတ်ဘဲနဲ့ လူနေအိမ်တွေကို ချိန်ပြီး ပစ်ခတ်တာ၊ ပြေးလွှားနေတဲ့ သူတွေကို ပစ်မှတ်ထားပြီး ပစ်ခတ်ခြင်းက တကယ့်ကို ရက်စက်ယုတ်မာလှတဲ့ ရာဇဝတ်မှုတွေဖြစ်ပါတယ်။ဒါကြောင့်မို့လို့ ပြည်တွင်းစစ်ကာလအတွင်းမှာ အရပ်သားတွေအပေါ်ပြစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေ မရှိဖို့အတွက် No FLY Zone ကိစ္စကို တင်နိင်ဖို့အတွက် ဝိုင်းဝန်းလုပ်ဆောင်ကြပါစို့” ဟု NUG လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက နှိုးဆော်ထားသည်။

အာဏာသိမ်း စစ်ကောင်စီသည် နွေဦးတော်လှန်ရေးကာလ ယခုနောက်ပိုင်းတွင် လေကြောင်းအသုံးပြုကာ ဒေသခံအရပ်သား ပြည်သူများကို ဆက်တိုက်ပြစ်မှု ကျူးလွန်နေကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ပြည်တွင်း ပဋိပက္ခတွင် လေကြောင်းအသုံးပြုပြီး အရပ်သားပြည်သူတွေကို သတ်ဖြတ်၊ ခြိမ်းခြောက်၊ ဖျက်ဆီးမှုတွေမပြုလုပ်ရန် နိုင်ငံတကာက ဥပဒေများဖြင့် တားမြစ်ထားသည်။

ယခုတပတ်အတွင်း ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံး ( KNU) တပ်များဖြစ်သည့် KNLA နှင့်မဟာမိတ် အဖွဲ့များက နယ်မြေကျူးကျော်လာသည့် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်မှု ပြင်းထန်လာကြောင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ချင်းပြည်နယ်၊ မကွေးတိုင်းစသည်တို့တွင် စစ်ကောင်စီတပ် နေ့စဉ် ဗုံးခွဲတိုက်ခိုက်ခံနေရကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီသည် နွေဦးတော်လှန်ရေးကာလ (၃၂၄) ရက် ဒီဇင်ဘာလ ၂၁ ရက်နေ့အထိ ပြည်သူ ၁၃၅၁ ဦးကို သတ်ဖြတ်ထားပြီး၊ (၈၁၅၃) ဦးကို အဓမ္မဖမ်းဆီးချုပ်‌နှောင်ထားကြောင်း၊ ဖမ်းဆီးခံရသူများထဲက အသက် ၁၈ နှစ်အောက် ကလေး (၂) ဦးအပါအဝင် (၃၆) ဦးကို သေဒဏ်ချမှတ်ထားကြောင်း၊ ဖမ်းဝရမ်းထုတ်ခံရခြင်းကြောင့် ရှောင်တိမ်းနေရသူ (၁၉၆၄ ဦးရှိပြီး ယင်းတို့အထဲက မျက်ကွယ် သေဒဏ်ချမှတ်ခံရသူ (၃၉) ဦးအပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရသည်ဟု AAPP က ဒီဇင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *