RNA_နိုဝင်ဘာ(၁၃)၊၂၀၂၆ခုနှစ်။
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများမှ လျှပ်စစ်ကေဘယ်လ်ကြိုးများကို ဖြတ်တောက်ခိုးယူနေသည့် စစ်အုပ်စုလက်အောက်ခံ တပ်ဖွဲ့ဝင် (၁) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း Budalin Mobile Team (BMT) က ယနေ့ (နိုဝင်ဘာ ၁၃ ရက်) ထုတ်ပြန်ထားသည်။
ယခုလ နိုဝင်ဘာ (၆) ရက်က စစ်အုပ်စုလက်အောက်ခံ တပ်ဖွဲ့ဝင် (၂) ဦးသည် ပုဂ္ဂိုလ်ရေးအကျိုးစီးပွားအတွက် ဘုတလင်မြို့ ဗန္ဓုလတိုးချဲ့ကွက်သစ်အတွင်း လျှပ်စစ်ကေဘယ်လ်ကြိုးများကို ဖြတ်တောက်ခိုးယူနေချိန် BMT တပ်ဖွဲ့နှင့် ဒေသတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ အရပ်သားအသွင်ယူဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
BMT နှင့် ဒေသတော်လှန်ရေးတပ်ဖွဲ့များမှ ဝင်ရောက်ဖမ်းဆီးချိန် စစ်အုပ်စုလက်အောက်ခံ တပ်ဖွဲ့ဝင် (၂) ဦးထဲမှ (၁) ဦးကို ဖမ်းဆီးရမိခဲ့ပြီး (၁) ဦးသည် ဒေသခံပြည်သူ၏ ဆိုင်ကယ်ကို လုယူမောင်းနှင်ကာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ဖမ်းဆီးရမိခဲ့သည့် စစ်အုပ်စုလက်အောက်ခံ တပ်ဖွဲ့ဝင်သည် ဘုတလင်မြို့နယ်မှ ရဲတပ်ဖွဲ့ဝင် ရဲတပ်သား ဖြိုးမင်းဇော်ဆိုသူဖြစ်ပြီး ထွက်ပြေးလွတ်မြောက်သွားသည့် ကျန်တစ်ဦးသည် ရဲတပ်သား သီဟဆိုသူဖြစ်ကြောင်း သိရသည်။
ယခု ဖမ်းဆီးမှုကို BMT အဖွဲ့နှင့်အတူ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ရွာဇော်ကြီးတော်လှန်အသံ ၊ PDRF ၊ဘုတလင်မြို့နယ်တိုက်နယ်(၂) ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ရွှေတြိဂံမဟာမိတ်တပ်ရင်း တို့မှ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။
#RedNewsAgency #RedNews #RNA