RNA_နိုဝင်ဘာ(၁၂)၊၂၀၂၆ခုနှစ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကယ်လီအန်းအက်ကယ်ကာရီယာ (Kelly E. Currie) သည် ဆိုးရွားနေသည့် မြန်မာ့လူ့အခွင့်အရေးအခြေအနေများကို လေ့လာသုံးသပ်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နိုဝင်ဘာ (၁၁) ရက်မှ (၁၈) ရက်နေ့အထိ (၈) ရက်ကြာ အလည်အပတ်ခရီးစဉ် ရောက်ရှိနေသည့် ကယ်လီအန်းသည် မြန်မာ့ပဋိပက္ခကြောင့် ရိုဟင်ဂျာများအပေါ် သက်ရောက်မှုအခြေအနေများကိုလည်း လေ့လာသွားမည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်အတွင်းရှိ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် စစ်ပွဲများကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံပေါ် သက်ရောက်မှုအခြေအနေများ၊ မြန်မာ့ပဋိပက္ခများကြောင့် ကြုံတွေ့နေရသည့် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ စိန်ခေါ်မှုများကို ကုလကိုယ်စားလှယ်က စောင့်ကြည့်သွားမည်ဟု ဆိုသည်။

Photo: UN
ကယ်လီအန်းသည် ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေချိန်အတွင်း အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ အရပ်ဖက်အဖွဲ့အစည်း ကိုယ်စားပြုသူများ၊ ကော့ဘဇားရှိ ရိုဟင်ဂျာများ၊ နစ်နာသူများ၊ ပဋိပက္ခများအတွင်း အသက်ရှင်ကျန်ရစ်ခဲ့သူများနှင့် တွေ့ဆုံနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ် ခရီးစဉ်မတိုင်မီ ကယ်လီအန်းသည် မြန်မာနိုင်ငံသို့ လာရောက်ရန် အာဏာသိမ်းစစ်အုပ်စုထံ ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း ကုလအထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံရန် အဆင်သင့်မဖြစ်သေးကြောင်း တုံ့ပြန်ထားသည်ဟု ဂျီနီဗာရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးမှ အကြံပေးပုဂ္ဂိုလ်တစ်ဦးက ပြောသည်။
ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိချိန် မြန်မာ့လူ့အခွင့်အရေးအခြေအနေများကို လေ့လာကာ ၂၀၂၇ မတ်လတွင် ကျင်းပမည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၌ အစီရင်ခံစာတင်သွင်းရန် ပြင်ဆင်နေကြောင်း သိရသည်။
ကယ်လီအန်းသည် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အန်ဒရူး၏ နေရာကို ဆက်ခံလွှဲပြောင်းယူခဲ့ပြီးနောက် မေလ (၁) ရက်နေ့ကတည်းက စတင်တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။