RNA_ဇူလိုင်(၂၂)၊၂၀၂၅ခုနှစ်။
စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရပြီး ထောင်ဒဏ် (၇) နှစ် ချမှတ်ခံထားရသော ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂဗဟိုအလုပ်မှုဆောင် မဝတ်ရည်အောင်၏ စျာပနအခမ်းအနားကို ယနေ့ ( ဇူလိုင်လ ၂၂ ရက်) နံနက် (၁၁) နာရီက ရေဝေသုဿာန်၌ ကျင်းပခဲ့သည်။
မဝတ်ရည်အောင်သည် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် မတရားဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် ၃နှစ် ချမှတ်ခံထားရပြီးနောက် ၂၀၂၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် ပုဒ်မ၅၂(က) ဖြင့် ထောင်ဒဏ် (၄) နှစ် ထပ်မံချမှတ်လိုက်သည့်အတွက် စုစုပေါင်း ထောင်ဒဏ် (၇) နှစ်ချမှတ်ခံထားရပြီး အင်းစိန်ဆေးရုံ၌ ဇူလိုင်လ (၂၀) ရက်နေ့ နံနက် (၃) နာရီ (၁၀) မိနစ်တွင် ကျဆုံးခဲ့ရသည်။
စစ်ကောင်စီ၏ မတရားဖမ်းဆီးထောင်ချခံရပြီး လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် စစ်ကြောရေးနှိပ်စက်ခံရမှုများ၊ အကျဉ်းထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ စသည်တို့ကို ခံစားခဲ့ရကြောင်း၊ မဝတ်ရည်အောင် ကျဆုံးခဲ့ရချိန်မှသာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာ ပေးခဲ့ကြောင်း သိရသည်။
#RedNewsAgency #REDNEWS #RNA