ဆက်ကြေးကောက်သည်ဟု PLA အပေါ်သုံးနှုန်းပြောဆိုခြင်းသည် ရန်သူ၏ အသုံးအနှုန်းမျိုးသာဖြစ်သည်ဟု ဒေါ်နီနီကျော်ပြော

RNA_ဇူလိုင်(၁၈)၊၂၀၂၅ခုနှစ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ကျေးရွာအနီးတစ်ဝိုက်အပါအဝင် တစ်အခြားသေဒေသများတွင်ပါ ပြည်သူများထံမှ ဆက်ကြေးကောက်ခြင်းမရှိသည့်အပြင် PLA ကို ဆက်ကြေးကောက်သည်ဟု သုံးနှုန်းခြင်းသည် နိုင်ငံရေးအရ မရိုးသားခြင်းနှင့် ရန်သူ၏ အသုံးအနှုန်းမျိုးသာဖြစ်သည်ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA အထွေထွေအတွင်းရေးမှူး ဒေါ်နီနီကျော်က ပြောသည်။

PLA အနေဖြင့် ပုလဲမြို့နယ်အတွင်း ပြည်သူများထံမှ အဓမ္မဆက်ကြေးကောက်ခြင်းမရှိသည့်အပြင် ရှမ်းမြောက်အပါအဝင် PLA တပ်ဖွဲ့များရှိသည့် မည့်သည့်နေရာတွင်မှ ဆက်ကြေးကောက်ခြင်းမရှိကြောင်း၊ ယခု PLA ဆက်ကြေးကောက်သည်ဟု ပြောဆို ရေးသားနေကြခြင်း စစ်ကောင်စီအကြိုက် ရန်သူ့အသုံးအနှုန်းသာဖြစ်သည်ဟု ဒေါ်နီနီကျော်က ပြောထားသည်။


PLA သည် ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းတိုက်ခိုက်သိမ်းပိုက်နိုင်ပြီးနောက် ဒေသတွင်း တစ်ချို့သော အာဏာပိုင်ဟု ယူဆထားသူများနှင့် လက်နက်ကိုင် ဂိတ်ကြေးကောက်နေသူများအကြား ပြီးခဲ့သည့်ရက်ပိုင်းက မကျေလည်မှုများရှိခဲ့ကြောင်း၊ ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲဖြစ်ပွားနေစဉ်ပင် ကန့်ဒေါင့်နှင့် (၂) မိုင်အကွာတွင် ဂိတ်ဖွင့်ကောက်နေသူများရှိသည့်အတွက် ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲအပြီး ဂိတ်ဖွင့်သည့်ပြဿနာနှင့်ပတ်သက်ပြီး အခြေအတင်ဖြစ်ခဲ့ကြောင်း သိရသည်။

“ဆက်ကြေးကောက်တယ်ဆိုတာ ရန်သူကသုံးနှုန်းတာပါ။ အခု ပကဖတွေ အခွန်ကောက်နေကြတယ်။ ကျွန်မတို့ ဘယ်နေရာမှာ အခွန်ကောက်လဲ PLA ကဘယ်နှစ်ဂိတ်အခွန်ကောက်နေလဲ စာရင်းကောက်ကြည့်ကြပါ။ အခုက လူထုဆီအကူအညီတောင်းတာမျိုးပါ။ အဲဒါကို ဆက်ကြေးကောက်တယ်ဆိုပြီး အသံထုတ်တယ် အဲဒါ နိုင်ငံရေးအရ မရိုးသားဘူး။ အသက်ပေးတိုက်နေတဲ့ ကျဆုံးသွားတဲ့ရဲဘော်တွေကို စော်ကားတာပဲ။ တစ်နိုင်ငံလုံးကြည့်ပါ PLA ဘယ်နေရာမှ ဂိတ်စောင့်မစားဘူး” ဟု PLA အထွေထွေအတွင်းရေးမှူး ဒေါ်နီနီကျော်က ပြောသည်။


ယခုလိုင်းပေါ်ပြန့်နေသည့် PLA ဆက်ကြေးကောက်သည်ဆိုသည်မှာ ရန်သူ့အကြိုက် သွေးထိုးနေပြီး နိုင်ငံရေးအရ ထိုးနှက်ချက်တစ်ခုသာဖြစ်ကြောင်း၊ PLA အနေဖြင့် ပြည်သူများ ကူညီရန် တာဝန်ရှိသည့်အတွက် ပြည်သူလူထုထံ အကူအညီတောင်းမှုများသာရှိနေကြောင်း၊ PLA အနေဖြင့် လိုအပ်ချက်များလည်သည့်အတွက် နောက်ဆုံး ဂိတ်ဖွင့်ရမည်ဆိုပါကလည်း ပြည်သူ့ထံကောက်ယူမှုမလုပ်သည့်အပြင် စီးပွားရေးသမား လုပ်ငန်းရှင်များထံမှသာ နိုင်သည့်ဝန်ကို ထမ်းခိုင်းမည်ဟု ၎င်းက ဆက်လက်ပြောပြထားသည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA

By RNA Editor