မုံရွာခရိုင် အမှတ် (၄) တပ်ရင်းအနေဖြင့် လမ်းပေါ်တက် အလှူခံခြင်း၊ အခွန်ကောက်ခြင်း စသော စီးပွားရေးများမလုပ်ဟု အသိပေး

RNA_ဇူလိုင်(၁)၊၂၀၂၅ခုနှစ်။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် အမှတ် (၄) တပ်ရင်း (Chindwin Attack Force) အနေဖြင့် ရှေ့တန်းမှပြန်ရောက်သည့်အချိန်မှ ယနေ့အချိန်အထိ တပ်ရင်းလည်ပတ်နိုင်ရေးအတွက် လမ်းပေါ်တင် အလှူခံခြင်း၊ အခွန်ကောက်ခြင်း၊ စက်သုံးဆီသယ်ယူခြင်းစသည့် စီးပွားရေးလုပ်ငန်းများ လုံးဝ (လုံးဝ) မလုပ်ဟု တပ်ရင်းမှူး ဒေါနမောင်မောင်က အသိပေးထုတ်ပြန် ပြောကြားထားသည်။

ဒေါနမောင်မောင်အမည်နှင့် မုံရွာခရိုင်အမှတ် (၄)တပ်ရင်းအမည် အလွဲသုံးစားပြုပြီး လုပ်ကိုင်ဆောင်ရွက်လာပါက အချိန်မရွေးအကြောင်းကြား တိုင်တန်းရန်နှင့် ရဲဘော်ဖြစ်ပါက စစ်ဘက်ဆိုင်ရာ ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း၊ တော်လှန်ရေးပြီးနောက် မုံရွာခရိုင်အမှတ်(၄) တပ်ရင်း ရဲဘော်မှအစ တပ်ရင်းမှူးအဆုံး မူလထက် တစ်ပြားပိုချမ်းသာခဲ့ပါက တပ်ရင်းမှူးနှင့်တပ်ဖွဲ့အား သူခိုးဟုစွပ်စွဲပြီး ကြိုက်နှစ်သက်ရာ တရားရုံးတွင် ပြည်သူများအနေဖြင့် အရေးယူနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မုံရွာခရိုင် အမှတ်(၄)တပ်ရင်းသည် တော်လှန်စီးပွါး လုံးဝမရှိသဖြင့် လိပ်ပြာလုံစွာ ရပ်တည်နေသော တပ်ရင်းဖြစ်ကြောင်း၊ တပ်ရင်းမှူးအရှိန်အဝါသုံး၍ မည်သည့် လေလံမျှမယူသလို၊ လေလံစီးပွားအား အခြားအမည်ဖြင့် ရယူအသုံးချခြင်းမရှိကြောင်း၊ ပြည်သူများအား ဒလံအဖြစ်စွပ်စွဲ၍ ပြည်သူပိုင်စည်းစိမ်ဥစ္စာအား ရယူခဲ့ခြင်းမရှိခဲ့ပါဟု ပြောကြားထားသည်။

#RedNewsAgency #RNA @RedNews

By RNA Editor