နောင်ချို၊ ကျောက်မဲ၊ သီပေါ စသည့်မြို့နယ်များအတွင်းမှ တပ်မဆုတ်နိုင်သည့်အတွက် TNLA နှင့် စစ်ကောင်စီ ဆွေးနွေးပွဲပျက်

RNA_မေ(၂)၊၂၀၂၅ခုနှစ်။

TNLA တိုက်ခိုက်သိမ်းပိုက်စိုးမိုးထားသော နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်စသည့် ဒေသများမှ တအာင်းတပ်မတော် တပ်ဖွဲ့များအားလုံးကို ပြန်လည်ဆုတ်ခွါရန် စစ်ကောင်စီကိုယ်စားလှယ်တောင်းဆိုသော်လည်း တပ်ဆုတ်ရန်သဘောမတူသည့်အတွက် ဆွေးနွေးပွဲပျက်သွားပြန်ပြီဖြစ်ကြောင်း သိရသည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)၏ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် စစ်ကောင်စီမှ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်သည့်ကိုယ်စားလှယ်တို့သည် တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် ဧပြီလ (၂၈)နှင့် (၂၉)ရက်တွင် အပစ်အခတ်ရပ်စဲနိုင်ရန်အတွက် တရုတ်ပြည်၊ ကူမင်းမြို့၌ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု TNLA က ယနေ့ထုတ်ပြန်လိုက်သည်။


စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့က TNLA အနေဖြင့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စသောဒေသများမှ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်အတွင်းထိသို့ ပြန်ဆုတ်ခွါရန် တောင်းဆိုခဲ့ကြောင်း၊ တအာင်းတပ်မတော် တပ်ဖွဲ့များအားလုံး ပြန်လည်ဆုတ်ခွါရန် တောင်းဆိုချက်ကို PSLFကိုယ်စားလှယ်များက သဘောမတူနိုင်သဖြင့် နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှု ရှေးမတိုးနိုင်သည့်အတွက် နှစ်ဖက်အပစ်အခတ်ရပ်စဲနိုင်ရန် ဩဂုတ်လတွင် ထပ်မံတွေ့ဆုံရန် သဘောတူခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအပါအဝင် ထိုးစစ်ဆင်ခြင်း စသည့် ပစ်ခတ်တိုက်ခိုက်မှုများအားလုံးရပ်တန့်ရန်၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရန်၊ ကိုးကန့်တပ်ဖွဲ့ MNDAA ကဲ့သို့ တဆင့်တိုး အပစ်ခတ်ရပ်စဲရေးပြုလုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းမှ ကမကထပြုကြိုးပမ်းခဲ့သည့်အတွက် စစ်ကောင်စီကိုယ်စားလှယ်များနှင့် PSLF ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA

By RNA Editor