တော်လှန်ရေးအတွင်းက အလုပ်သမားအခွင့်ရေး အထိုင်များ

ရန်သူနဲ့ညှိသွားခြင်း၊ အသနားခံစာတင်သွားခြင်း၊ အကျိုးစီးပွားရှေ့ရူ့ပြီး ပြောသင့်ပြောထိုက်၊ လုပ်သင့်လုပ်ထိုက်တာများ မလုပ်ခြင်း၊ ရေလိုက်ငါးလိုက် အလုပ်ဖြစ်ရေးမူဖြင့် သွားနေကြခြင်း

ကိုသားကြီး (နိုင်ငံရေးတက်ကြွလှုပ်ရှားသူ)

၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှုကို စတင်သပိတ်မှောက်တော်လှန်ခဲ့သည့်အထဲတွင် အလုပ် သမားလူတန်းစားများမှာ ထိပ်ဆုံးမှ ပါဝင်ခဲ့ကြသူများဖြစ်သည်။ အာဏာသိမ်းပြီးနောက်တွင် အလုပ် သမားအရေးအရေးကိစ္စသည် စစ်ရေးသတင်းများ၊ အာဏာရှင်တော်လှန်ရေးဆောင်ရွက်နေမှု သတင်း များအကြားတွင် မှေးမှိန်လာခဲ့သည်။

စစ်တပ်အာဏာသိမ်းမှုကာလများအတွင်း အခြေခံ အလုပ်သမားများအနေဖြင့် လုပ်ခလစာပြဿနာများ၊ အဓမ္မဖိအားပေးခိုင်းစေခြင်းများ၊ ခွင့်ဆိုင်ရာပြဿနာများ၊ အခွင့်အရေးချိုးဖောက်မှု ဆိုင်ရာပြဿနာများအပြင် အမျိုးသမီးများအနေဖြင့် လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုများကို ယခင်ကထက် ပိုမိုဆိုးရွားစွာရင်ဆိုင်နေကြရသည်ကို သတိပြုရန်လိုအပ်သည်။

စစ်ကောင်စီ လက်အောက်တွင် လည်ပတ်နေသည့် ဌာနဆိုင်ရာများနှင့် အကာအကွယ်မဲ့နေသော ဥပဒေများကြားတွင် အလုပ်သမားထုတရပ်လုံးမှာ ခက်ခဲစွာရုန်းကန်နေကြရသည်။ တဖက်တွင်လည်း အလုပ်သမားအရေးကိစ္စများကို ဆောင်ရွက်ရန် အရပ်ဖက်အဖွဲ့အစည်းများ၊ အလုပ် သမားအရေး လှုပ်ရှားသည့် အဖွဲ့အစည်းများကို အကြမ်းဖက်စစ်ကောင်စီမှ နည်းမျိုးစုံဖြင့် ဖိနှိပ်နေသည့်အတွက် အလုပ်သမား အရေးများကို ယခင်ကကဲ့သို့ လွတ်လပ်ပွင့်လင်းစွာဆောင်ရွက်၍ မရတော့ပေ။ ထို့အပြင် အလုပ်သမားအရေး လှုပ်ရှားသူများ၊ သပိတ်ကော်မတီများ၊ အလုပ်သမားသမဂ္ဂများ၊ ဆန္ဒထုတ်ဖော်မှုများကို ဖြိုခွင်းမှုများရှိနေသည့်အတွက် အလုပ်သမားများအနေဖြင့် ကူညီရာမဲ့သည့် အခြေအနေသို့ တဖြည်းဖြည်း ရောက်ရှိနေသည်။

၇၄ -၇၅ အလုပ်သမားသပိတ်တိုက်ပွဲများပြီးသည့်နောက်ပိုင်း ၂၀၁၂ ခုနှစ်လောက်မှာ တကျော့ပြန် အားကောင်းလာသည့် အလုပ်သမားအရေး လှုပ်ရှားမှုများသည် တောက်လျှောက်အားကောင်းခဲ့ပြီး အလုပ်သမားရေးတက်ကြွလှုပ်ရှားတဲ့အဖွဲ့တွေကနေ သမဂ္ဂအဖွဲ့ချုပ်တွေအထိ ဖြစ်ထွန်းလာခဲ့ပြီးတဲ့ နောက်ပိုင်း ၂၀၂၁ အာဏာသိမ်းလိုက်ချိန်မှာ မီးကိုရေနှင့်ဖျန်းလိုက်သလိုဘဲ အသံတွေက တိုးဝင်သွားခဲ့သည်။ အဖွဲ့ချုပ်ပေါင်းများစွာ၊ အလုပ်သမားအရေးတက်ကြွလှုပ်ရှားမှုအဖွဲ့ပေါင်းများစွာ အခက် အခဲတွေနှင့်ရင်ဆိုင်ခဲ့ကြရသည်။ ပြည်တွင်းမှာကျန်ခဲ့သည့် အဖွဲ့အစည်းများ၊ သမဂ္ဂများနှင့် အပြင်ထွက်ကြရသည့် အဖွဲ့များ သမဂ္ဂများဖြင့် မြိုင်ဆိုင်ခဲ့သည်။

အလုပ်သမားတပ်ပေါင်းစုများ ဖွဲ့ကြသည့်အခါ သိပ်မကြာခင် နှစ်ခြမ်းကွဲခြင်း။ အလုပ်သမားတပ်ပေါင်းစု နှစ်ခြမ်းကွဲခြင်းသည် အတွင်းအပြင်ဆိုသည့် ဇာတ်လမ်းက စတင်လာပြီး အကွဲအပြဲက ပိုနက်လာကြသည်။ တော်လှန်ရေးအတွင်းက အလုပ်သမားအခွင့်အရေးဆိုတာကို မပြောခင် အလုပ်သမားလောက သားများ တော်လှန်‌ရေးအပေါ် မည်သို့ရှု့မြင်သဘောထားလဲဆိုတာ အရေးကြီးမည်ထင်သည်။ အထိုင်အပေါ်ကနေ တစ်ဖွဲ့ချင်း၊ တစ်စုချင်း၊ တစ်ယောက်ချင်း၏ အမြင်နှင့် ချဉ်းကပ်ပုံများ ကွာခြား သွားမည်ဟု ထင်ပါသည်။

စစ်အာဏာသိမ်းမှုအပေါ် ဘယ်လိုရပ်တည်ကြသလဲ။
———————————————–

(၁)။ စစ်အုပ်စုကြီးစိုးမှုအောက်မှာ ဘာအခွင့်အရေးမှမရှိဘူးဆိုသည့် အယူအဆကိုင်စွဲထားသည့် အစုအဖွဲ့များက အလုပ်သမားအရေးကို တော်လှန်ရေးနှင့်ချိတ်ဆက်ပြီးလှုပ်ရှားမှုများကို လုပ်ကိုင် ဆောင်ရွက်နေကြတာ တွေ့မည်ရသည့်အပြင် ပြည်တွင်းမြေအောက်လုပ်ငန်းစဉ်များကို လုပ်ကိုင်ဆောင် ရွက်နေမှုကို တွေ့မြင်နေရသည်။ ဒီလိုလူတွေအများစု ပြည်တွင်းလှုပ်ရှားမှုများကို အလုပ်သမားရေးအပြင် စစ်အာဏာရှင်ပြုတ်ကျရေးအထိ ဦးတည်ချက်ထားပြီး လုပ်ကိုင်ဆောင်ရွက်ကြသည့်အတွက် နယ်စပ်ဒေသများမှာ နေထိုင်ကြသလို တချို့ ပြည်တွင်းမှာ အထိုင်ချပြီး မြေအောက် ငုတ်သွားသည့် သူများလည်း ရှိပါသည်။

ယခုလိုလူများက အလုပ်သမားအရေးသက်သက်မဟုတ်တော့ဘဲ အာဏာရှင် အဆုံးသက်ရေးအထိ နိုင်ငံရေးရည်မှန်းချက် ပါလာကြသည်။ စစ်အာဏာရှင်အောက်မှာ ဘာအခွင့်အရေးမှ မရနိုင်ဘူးဆိုသည့် ယူဆ ချက်ကြောင့် ပြည်တွင်းလုပ်ငန်းစဉ်များမှာ ချည်းကပ်ပုံ/နည်းနာများက မြေအောက် (ယူဂျီ) ဆန်သည့်အတွက် လူမြင်ကွင်းမှာရှိနေမည် မဟုတ်ပါ။

(၂)။ စက်ရုံများနှင့် အလုပ်သမားများရှိနေသမျှ အလုပ်သမားများနှင့်အတူ ရပ်တည်မည်ဆိုသည့် ကြွေးကြော်သံနှင့် အစုအဖွဲ့များကလည်း တဖက်မှာရှိနေပါသည်။ ဒီလို အစုအဖွဲ့များက ပြည်တွင်းမှာ ပိုမိုရပ်တည်ကြတာ တွေ့ရသည်။ မြေပေါ်လှုပ်ရှားဆောင်ရွက်မှုဟု ယူဆ၍ ရနိုင်ပါသည်။ အလုပ်သမားအခွင့်အရေးနှင့်သမဂ္ဂစုဖွဲ့မှုများ၊ သင်တန်းများ ပေါ်ပေါ်တင်တင် လုပ်ဆောင်မှုများကို ဆိုရှယ်မီဒီယာတွင် တွေ့နိုင်ပါသည်။ အလုပ်သမားအခွင့်ရေးကို ပိုအာရုံကဲသည်ဆိုသည့် သဘောဟု ယူဆရမည် ထင်ပါသည်။

အတွင်းအပြင်နှင့် အငြင်းအခုံ
————————–

“ငါတို့ကဘဲ အလုပ်သမားရေးမှာ ရဲရဲတောက်တောက်၊ ရဲသွေးနီနေတာ၊ တခြားဘယ်သူတွေက ဒီလို လုပ်ဆောင်ချက်တွေရှိလို့လဲ။ ပြည်တွင်းပြန်ဝင်ခဲ့ပြီး လာလုပ်ကြည့်။ အပြင်ကနေ အာမချောင်ကြနဲ့” ဆိုသည့် လေသံမျိုးများသည် ပြည်တွင်း အလုပ်သမားအရေး မြေပေါ်လှုပ်ရှားမှုလုပ်ဆောင်နေသည့် အဖွဲ့တချို့ က ထွက်လာသည့် ဒိုင်ယာလော့များပင်ဖြစ်သည်။

အပြင်က လူများကလည်း သူ့အလုပ်သူ တိတ်တိတ်လုပ်နေရတာ အသံထွက်လို့မရဘူး။ အဲ့သလို အတွင်းအပြင် အထိုင်များကနေ ဖြစ်လာသည့် မိတ်ဖက်ပဋိပက္ခဟု ယူဆချင်ပါသည်။ ပြန်ချုပ်ရရင် စစ်အာဏာရှင်အောက် ဘာအခွင့်အရေးမှမရဘူးဆိုသည့် အစုအဖွဲ့များနှင့် အလုပ်သမားရှိရင် အလုပ်သမားအဖွဲ့အစည်းများ၊ သမဂ္ဂများရှိရမယ်ဆိုသည့် အထိုင်ကလာသည့် မိတ်ဖက်ပဋိပက္ခဖြစ်သည်။ ဆိုတော့ကာ မြေအောက်ဆန်သည့် လှုပ်ရှားမှုများ၏ ပင်ကိုယ်သဘောက သူ့တို့ဘာကို ရည်ရွယ် ထားလဲ။ သူတို့ဘယ်အရာတွေကို ဦးတည်ထားသလဲဆိုတာ သိရဖို့ခက်ခဲပါသည်။သဘောတရားအရကို မသိလေပိုကောင်းလေဆိုသည့် အကောက်အယူရှိတာကိုး။

မြေပေါ်လှုပ်ရှားသူများ၏ သဘောကတော့ ပိုရှင်းသည်။ ပိုနားလည်လွယ်သည်။ ပင်ကိုယ်သဘောကိုက လူသိအောင်လုပ်ရခြင်းဖြစ်သည်။ ကျုပ်တို့ဘာလုပ်နေတယ်၊ ဘယ်သွားနေတယ်ဆိုတာ မသိသိအောင် လုပ်နေရတာ။ ယခုလို ကာလမှာ စစ်အုပ်စု၏ စောင့်ကြည့်ရေး၊ ထောက်လှန်းရေးများကို ရှင်းလင်းသည့် မတ်ဆေ့ ပေးနေရသည်။ (ဆိုလိုတာက ထောက်လှမ်းရေးနှင့် ပေါင်းတယ်ဆိုတဲ့ သဘောကိုဆိုလိုတာမဟုတ်ဘဲ မြေပေါ်လှုပ်ရှားမှုတွေ လုပ်ကိုင်ဆောင်ရွက်နေရတဲ့သူတွေ ရင်ဆိုင်နေရတဲ့အခြေနေကို ဆိုလိုတာဖြစ်တယ်။)

အာဏာသိမ်းပြီးနောက်ပိုင်း တချို့အဖွဲ့များအနေဖြင့် လုပ်လက်စ ပရော့ဂျက်များကို သိုသိုသိပ်သိပ် လုပ်နေရာမှ ၂၀၂၂ ခုနှစ်လောက်တွင် မြေပေါ်အလုပ်သမားအရေးလှုပ်ရှားမှုများ တစတစ မြင်လာရသည်။ ဆိုလိုရင်းမှာ အလုပ်သမားများအရေး လှုပ်ရှားဆောင်ရွက်မှုများ လူမြင်ကွင်းဆီ ပြန်ရောက် လာကြသည်။ မည်သို့ပင်ဆိုစေကာမူ အလုပ်သမားအရေးဆိုကြပြီဆိုရင်တော့ အလုပ်သမားများဘက် မျက်နှာမူ ကြရလိမ့်မည်ဟု ထင်ပါသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားထု ဘာတွေရင်ဆိုင်နေရလဲဆိုတာ ကြည့်မယ်ဆိုရင်. . . .
(၁)။ အချိန်ပိုအဆမတန်ဆင်းနေရသည်။
(၂)။ ရက်အစားထိုးဆင်းနေရသည်။ (ဥပဒေကိုကျော်လွန်ပြီးလုပ်ဆောင်ခံနေရ)
(၂)။ စံချိန်များ မတရားတိုးတောင်းခံနေရသည်။(လုပ်နိုင်စွမ်းအားထက်ပိုပြီး)
(၃)။လုပ်ခလစာနည်းပါးနေသည်။
(၄)။အလုပ်ငန်းခွင်ဖိနှိပ်မှုများအတွက် ခြိမ်းခြောက်ခံနေရသည်။
(၅)တက်ကြွသည့် အလုပ်သမားခေါင်းဆောင်များ အလုပ်ထုတ်ခံနေရသည်။
(၅)။အလုပ်သမားကိုယ်စားပြု အလုပ်သမားအဖွဲ့စည်းများ ဖြိုခွင်းခံနေရသည်။ (တစ်ဖက်မှာ အလုပ်ရှင်မွေးတဲ့အဖွဲ့အစည်းတွေပေါ်လာတယ်)
(၆)။စစ်ကောင်စီအောက်က မြို့နယ်အလုပ်သမားဦးစီးမှုးများ သိသိသာသာ လာတ်စား၊ ဘက်လိုက်နေသည်။

အထက်ပါ အချက်အလက် အကြောင်းအရာများသည် လက်ရှိအလုပ် သမားများရင်ဆိုင်နေရသည့် ပြဿနာ၊ အခက်ခဲတချို့ဖြစ်သည်။ ( မှတ်ချက်- နောက်ရှိရင်လည်းထပ်ဖြည့်သွားကြပါဦး)

မြန်မာနိုင်ငံမှာ အလုပ်သမားအဖွဲ့ချုပ်များ ၊အလုပ်သမားရေးလှုပ်ရှားမှုအဖွဲ့တို့ များစွာရှိလင့်ကစား အထက်ပါပြဿနာများကို ဒီကာလ (၄)နှစ်တာအတွင်း ထိရောက်အောင် ပြောဆိုဖြေရှင်းတာကတော့ ယနေ့အထိ ပြောင်မြောက်သည့် အစုအဖွဲ့(သို့)သူရဲကောင်းများ မတွေ့မိသေးတာ အမှန်ပါ။ စစ်အုပ်စုက အကြောက်တရားနှင့်ဖိနှိပ်ထားပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှု အဆိုးဆုံးကာလပါ။

ရန်သူ့ဗိုက်အတွင်းနေထိုင်ပြီး ရန်သူကိုထိုးနှက်တိုက်ခိုက်ခြင်းလော။ မြေပေါ်လှုပ်ရှားဆောင်ရွက်နေသည့် အလုပ်သမားအဖွဲ့ချုပ်များ၊အလုပ် သမားရေးဆောင်ရွက်နေသည့် အဖွဲ့ စည်းများအနေဖြင့် အလုပ်သမားအကျိုးအတွက် ရှေ့ဆောင်လမ်းပြ လုပ်ကိုင်ဆောင်ရွက်နေသည့်အတွက် လေးစားရပါသည်။ ရန်သူ့ဗိုက်အတွင်း ရန်သူကိုထိုးနှက်မယ့် လက်သီးချက်များဟုလည်း ယုံကြည်ပါသည်။

ဒီနေရာမှာ အလုပ်သမားအရေးဦးစားပေး မြေပေါ်လှုပ်ရှားဆောင်ရွက်မှုများ ဖော်ဆောင်နေသည့် အဖွဲ့စည်းတိုင်းက လက်သီးချက်တွေလားဆိုသည့် မေးခွန်းက မေးစရာဖြစ်လာသည်။ တချို့အဖွဲ့များအနေဖြင့် ရန်သူနဲ့ညှိသွားခြင်း၊ အသနားခံစာတင်သွားခြင်း၊ အကျိုးစီးပွားရှေ့ရူ့ပြီး ပြောသင့်ပြောထိုက်၊ လုပ်သင့်လုပ်ထိုက်တာများ မလုပ်ခြင်း၊ ရေလိုက်ငါးလိုက် အလုပ်ဖြစ်ရေးမူဖြင့် သွားနေကြခြင်း စသည်တို့ကို မြင်တွေ့နေရပါသည်။ ဒီနေ့လို အကြောက်တရားကြီးစိုးမှုအောက်မှာ အလုပ်သမားအခွင့်အရေးဆိုသည့် စံတန်ဖိုးကို ဘယ်လောက် မြှင့်တင်ကာကွယ်နိုင်ကြသလဲ ဆိုတာလည်း အရမ်းခက်ခဲတဲ့ အခြေအနေတခုပါ။ ဥပမာ – မကြာသေးမီကဖြစ်ပွားခဲ့သည့် စင်္ကြာမင်း လို အလုပ်သမအမျိုးသမီးများကို ကာယိန္ဒြေပျက်လောက်အောင် စစ်ဆေးမှုကိုတောင် မကာကွယ်နိုင်ပါဘူး။

အလုပ်သမား တပ်ပေါင်းစုများသာ အပြိုင်ဖော်ကြပေမယ့် အထက်ပါ အလုပ်သမားပြဿနာများကတော့ ပိုမိုကြီးထွား လာနေဆဲဖြစ်သည်။ တစ်ဖက်မှာလည်း အလုပ်သမားအရေးဆိုင်ရာ သင်တန်းများ၊ စုဖွဲ့မှုများကို စစ်ကောင်စီက ပေး လုပ်ထားသလို တချို့အဖွဲ့များလည်း လုပ်ကိုင်ဆောင်ရွက်နေကြသည်ကို မြင်တွေ့ရပါသည်။ တကယ်လက်တွေ့ အလုပ်သမားများရင်ဆိုင်နေရသည့် ပြဿနာများကို ဖြေရှင်းဆောင်ရွက်နိုင်မှု ကတော့ မရှိသလောက်ပါဘဲ။ အလုပ်သမားများအတွက် ပြဿနာနှင့်ချိုးဖောက်မှုကတော့ ပိုမိုဆိုးရွားနေဆဲဖြစ်သည်။

စစ်ကောင်စီကပေးထားသည့် လုပ်ခွင့်ဘောင်ကလည်း အကန့်အသက်ရှိမည်။ သေချာတာက သူ၏ ( Red Line ) ထိုင်ခုံကိုမထိသည့် လုပ်ခွင့်ဘောင် အတွင်းက သင်တန်းများ၊ အဖွဲ့အစည်းဖွဲ့ခွင့်များကို ခြေလက်သာသာဖြင့် လုပ်၍ရနေပါလိမ့်မည်။ အာဏာသိမ်းပြီးနောက် တချို့အဖွဲ့စည်းဖွဲ့ခွင့်ရသွားသည့် အဖွဲ့များ သုံးဖွဲ့လောက်ကို လက်လှမ်းမှီသ လောက် တွေ့မြင်နေရသည်။ စစ်ကောင်စီအတွက်တော့ နိုင်ငံတကာကို အပြရသွားသည်ဟု မြင်ပါသည်။ တကမ်တမ်း မြေပြင်မှာဖြစ်နေတာက အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများက ပိုမိုတိုးပြီး ဆိုးသထက် ဆိုးလာနေဆဲသာဖြစ်ပါသည်။

ဆိုတော့ကာ ယခုကာလမှာ တွေ့ရသည် အလုပ်သမားအဖွဲ့အစည်းများ ဘယ်လိုပုံစံဖြင့် တည်ရှိနေကြသလဲဆိုတာလည်း စိတ်ဝင်စားဖို့ကောင်းလှပါသည်။ တစ်ဦးတည်းအမြင်အရ ဆိုရင်တော့ ….
(၁) အလုပ်သမားအရေး အ‌ရေအခြုံထားသည့်အဖွဲ့ (ဘာစံနှုန်းတန်ဖိုးမှ လေးစားလိုက်နာမှုမရှိ အကျိုးစီးပွားတခုတည်းသာရှိ)။

(၂) ယခုကာလ မိမိအဖွဲ့တည်ဆောက်ရေးလုပ်ဆောင် (သင်တန်းတွေသာလုပ်ဆောင်ပြီး လူစုနေသော အလုပ်သာလုပ်)။

(၃) အကောင်ကြီးလို့ နတ်ကွန်းဖြစ်နေတာ ပြစရာတန်ခိုးကမရှိဘူးဆိုသည့် အဖွဲ့များ။

(၄) အလုပ်သမားအခွင့်အရေး ကာကွယ်မြှင့်တင်ခြင်းကိုလုပ်ဆောင်နေသည့်အဖွဲ့။

ဆိုလိုချင်တာက ယခုကာလမှာ တည်ရှိနေကြသည့် အဖွဲ့အစည်းများထဲတွင် (၄) ကတော့ မတွေ့ရသေးပါ။ ကျန်သည့် (၁) ကနေ (၃)ထိကတော့ တွေ့ရသည်။

မြန်မာနိုင်ငံမှာ (အတွင်း/အပြင်) အလုပ်သမားအဖွဲ့ချုပ်များ၊ အလုပ်သမားတပ်ပေါင်းစုများ၊ အလုပ်သမားအရေးတက်ကြွလှုပ်ရှားအဖွဲ့များ အထိုက် အလျောက်ရှိကြပေမယ့် အထက်မှာ ပြောခဲ့သည့် အလုပ်သမားများရင်ဆိုင်ကြုံတွေနေရသော ပြဿနာပေါင်းများစွာထဲက တစ်ခုဖြစ်တဲ့ အချိန်ပို အဆမတန်ဆင်းနေရသည့် အခြေအနေကိုပင် ပြောင်းလဲအောင် လုပ်ဆောင်နိုင်ခြင်းမျိုးကို မတွေ့ရှိရသေးပါ။ ဘာကြောင့်ဒီလိုဖြစ်နေရသလဲဆိုရင် ကျွန်တော်အစမှာ ပြောခဲ့သလို အထိုင်နှင့် အတွေးပေါ် မူတည်နေပါလိမ့်မည်။ ပြည်တွင်း မြေပေါ်လှုပ်ရှားနေသည့် အဖွဲ့များအနေဖြင့် ရန်သူအတွက် လက်သီးပုန်းအဖြစ် အသုံးတော်ခံမှာလား။ အလုပ်သမားအရေး သီးသီးသန့်သန့် လုပ်ကြမလားဆိုသည့်အတွေးကို အရင် ရှင်းကြဖို့လိုအပ်သည်။

ပြည်တွင်းမြေပေါ် အဖွဲ့အစည်းများမှာလည်း အယူအဆနှစ်မျိုးတွေ့ရပြန်သည်။ တချို့အဖွဲ့များက စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်မှု မလုပ်ဘူးဆိုသည့် အဖွဲ့တချို့ကတော့ အလုပ်သမား ပြဿနာများကို လိုက်ပါဖြေရှင်းဆောင်ရွက်ခြင်း မလုပ်ကြ။ တချို့အဖွဲ့များကတော့ စစ်ကာင်စီလက်အောက်က အလုပ်သမားဝန်ကြီးဌာနနှင့် တိုက်ရိုက်ဆက်ဆံပြီး အလုပ်သမား ဥပဒေ အရ အဖွဲ့မှတ်ပုံတင်ပြီး လုပ်ဆောင်သည်။ ညှိ/ဖြန်မှာ ကိုယ်တိုင်ပါဝင်မှုများလုပ်ဆောင်ကြသည်။ စစ်ကောင်စီနှင့်ပူးပေါင်းခြင်း၊ မပေါင်းခြင်း ကွဲကြပေမယ့် သင်တန်းများ၊ အဖွဲ့ဖွဲ့စည်းခွင့်များ၊ Workshop များလုပ်ကိုင်ဆောင်ရွက်နေကြမှုများ အားလုံးတူညီကြသည်။ တစ်ဖတ်မှာ စစ်ကောင်စီအတွက် အလုပ်သမားအခွင့်အရေး မရှိဘူးဆိုသည့် အချက်ကို ပြန်ချေပဖို့အတွက် မြေပေါ်ရပ်တည်နေတဲ့ အဖွဲ့အစည်းတွေကများ အချက်အလက် ထောက်ပံ့ပေးသလို ဖြစ်နေတာတွေ့ မြင်နေရသည်။

မြေပေါ်လှုပ်ရှားမှုများလုပ်ကြသည့်အခါ မဖြစ်မနေ ရင်ဆိုင်ရမှာက လက်ရှိလုပ်ပိုင်ခွင့် ထိန်းချုပ်ထားသည့် စစ်အုပ်စု လက်အောက်မှာ လုပ်ဆောင်ရသည့်အတွက် စစ်ကောင်စီယန္တရားများနှင့် သွယ်ဝှိုက်ပြီးဖြစ်စေ၊ တိုက်ရိုက်ဖြစ်‌စေ တကွေ့ကွေ့မှာတော့ ပတ်သက်ရပါလိမ့်မည်။ ဆိုလိုချင်တာက မြန်မာနိုင်ငံမှာ အလုပ်သမားအရေးကို အားအင်ထုထည်နှင့် တကယ်ထိရောက်အောင် လုပ်မည်ဆိုကြပါစို့ အများအားဖြင့် လက်ရှိတည်ဆဲအလုပ်သမားဥပဒေများနှင့်သာ လုပ်ကိုင်ဆောင်ရွက် ဖြေရှင်းကြရမည်မို့လား။ လက်သီးပုန်းလည်းထိုးချင်၊ မြေပေါ်မှာလည်းလှုပ်ရှားချင်၊ တခါတခါ ရဲရဲတောက်ကလည်း လုပ်ပြချင်ဆိုရင်တော့ ပိုရှုပ်ထွေးလာလိမ့်မည် ထင်ပါသည်။

စစ်ကောင်စီအောက်မှာ ခဏခဏလာပါဟု ခေါ်တွေ့နေသည့်အတွက် မလုပ်ချင်လို့ အပြင်ထွက်လာတဲ့ အဖွဲ့ချုပ်ခေါင်းဆောင်တချို့လည်း ရှိပါသည်။ ကျွန်တော်အမြင်ကတော့ အပြင်ရောက်နေသည့်သူလည်း သူ့နောက်ခံအကြောင်း တရားနှင့်သူ။ အတွင်းနေသူတွေလည်း သူ့နောက်ခံအကြောင်းတရားနှင့်သူ ရှိတည်ဖြစ်တည် နေကြသည်မို့ အတွင်းဖြစ်ဖြစ် အပြင်ဖြစ်ဖြစ် အလုပ်သမားလောကကို လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး စံတန်ဖိုးများလက်ကိုင်ပြုပြီး ဘယ်လောက် အကောင်းဘက် ပြောင်းနိုင်ကြလဲဆိုတာ အရေးကြီးတာမို့ ပြောင်းလဲပြစ်မည့် မည်သည့်အစုအဖွဲ့များဖြစ်ဖြစ် လေးလေးစားစားဖြစ်မိမှာ အမှန်ပါ။

တဖက်မှာလည်း အရိုးသားဆုံးဝန်ခံရရင် အလုပ်သမားအရေးဆောင်ရွက်သူ တစ်ယောက်အနေဖြင့် ကျွန်တော်လည်း တာဝန်မကင်းပါဘူး။ ကျွန်တော်ကတော့ စစ်အာဏာရှင်လက်အောက်မှာ ဘာအခွင့်အရေးမှမရှိဆိုသည့်ဘက်က ရပ်တည်ပါသည်။ သဘောတူညီနိုင်တာများရှိနိုင်သလို အမြင်မတူတာများလည်း ရှိပါလိမ့်မည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor