Red News Agency

Independent Journalism for Justice and Human Rights.

အိန္ဒိယအစိုးရအနေဖြင့် ထောင်အတွင်း သေဆုံးခဲ့ရသူ၏ တရားမျှတမှုရရှိရေးနှင့် ဖမ်းဆီးထားသော စစ်ဘေးရှောင်များ အမြန်ဆုံးလွှတ်ပေးရန် အရပ်ဘက်နှင့် တော်လှန်ရေးအစုအဖွဲ့များ တောင်းဆို

Written by

in

RNA_မတ်(၂၀)၊၂၀၂၅ခုနှစ်။

အိန္ဒိယဗဟိုအစိုးရအနေဖြင့် မတရားဖမ်းဆီးထောင်ချခံ မြန်မာနိုင်ငံသား ဦးအောင်မြင့် သေဆုံးမှုနှင့် ပတ်သက်ပြီး တရားမျှတမှုရရှိရေးနှင့် မဏိပူရ်နှင့် အာသံပြည်နယ်များအတွင်း ဖမ်းဆီးထောင်ချခံ မြန်မာစစ်ဘေးဒုက္ခသည်များ အမြန်လွှတ်ပေးရန် အိန္ဒိယနယ်စပ်တလျှောက်ရှိ အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၉၆ ဖွဲ့နှင့် တော်လှန်ရေးအစုအဖွဲ့များက တောင်းဆိုလိုက်သည်။

အိန္ဒိယနိုင်ငံသို့ စစ်ဘေးတိမ်းရှောင်နေရသော မြန်မာပြည်သူများအား ဖမ်းဆီးထောင်ချနေသည့် လုပ်ရပ်များအား အိန္ဒိယအစိုးရက အမြန်ဆုံး ရပ်တန့်ပြီး၊ စစ်ဘေးဒုက္ခသည်များအား လူ့ဂုဏ်သိက္ခာနှင့်အညီ အသက်ရှင်သန်၊ နေထိုင်ခွင့်ပြုပါရန်နှင့် ဖမ်းဆီးထောင်ချထားသူများအား အမြန်ဆုံး လွှတ်ပေးရန် အိန္ဒိယဗဟိုအစိုးရထံသို့ အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၉၆ ဖွဲ့နှင့် တော်လှန်ရေးအစုအဖွဲ့များက ယနေ့ ပေးပို့သော အိတ်ဖွင့်ပေးစာတွင် ထည့်သွင်းတောင်းဆိုထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားတစ်ဦးဖြစ်သော စစ်ကိုင်းဒေသခံ ဦးအောင်မြင့် (အသက် ၅၇ နှစ်) သည် အဆုတ်တွင် ရေဝင်သော ရောဂါခံစားနေရသဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှစတင်၍ အိန္ဒိယနိုင်ငံသို့ ဆေးကုသမှု ခံယူရန် ဝင်ရောက်ခဲ့ပြီး၊ တတိယအကြိမ် ဆေးကုသမှုခံယူပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ဆေးရုံမှအိမ်အပြန်လမ်းတွင် ဖမ်းဆီးခံရကာ အင်းဖားလ်ထောင်သို့ ပို့ဆောင်ခံရပြီးနောက် ၂၀၂၅ ခုနှစ် မတ်လ (၁၀) ရက် နံနက် ၆ နာရီခန့်တွင် မိသားစုနှင့် လုံးဝပြန်တွေ့ခွင့်မရရှိဘဲ ဆေးရုံ၌ သေဆုံးခဲ့သည်။

ထောင်တွင်း၌ ဦးအောင်မြင့်၏ ကျန်းမာရေး အခြေအနေကို ထောင်အာဏာပိုင်များထံ အကြိမ်ကြိမ် တင်ပြထားသော်လည်း ရှေ့နေငှားရမ်းခွင့်မရ၊ ဆေးကုသခွင့်မပေးဘဲ အကိုက်အခဲ ပျောက်ဆေးသာ ပေးခြင်းခံခဲ့ရကြောင်း၊ ကျန်းမာရေး ဆိုးရွားလာပြီး မခံစားနိုင်သည့်အခြေအနေသို့ ရောက်ချိန်တွင် ထောင်အာဏာပိုင်များက အပြင်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသခွင့် ပြုခဲ့သော်လည်း ဆရာဝန်များက အသက်ရှင်နိုင်ရန် မဖြစ်နိုင်တော့ကြောင်း အသိပေးလာချိန်တွင် ထောင်အာဏာပိုင်များက ဦးအောင်မြင့်အား လွှတ်ပေးခဲ့ပြီး တာဝန်မယူဘဲ ရှောင်ရှားခဲ့သည်ဟု အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

 

မဏိပူရပြည်နယ်နှင့် အာသံပြည်နယ်များတွင် မြန်မာစစ်ဘေး ကလေးငယ် (၅၂) ဦးအပါအဝင် ဒုက္ခသည် (၁၄၇) ဦး အကျဥ်းချခံထားရကြောင်း၊ ဦးအောင်မြင့်၏ သေဆုံးမှုသည် မဏိပူရပြည်နယ်အတွင်း ဖမ်းဆီးထောင်ချခံ မြန်မာနိုင်ငံသား ဒုတိယမြောက် သေဆုံးမှုဖြစ်ပြီး၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကလည်း Mr. Demkholun Guite (အသက် ၃၂ နှစ်) သေဆုံးခဲ့ရသည့်အတွက် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေသည်ဟု အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၉၆ ဖွဲ့နှင့် တော်လှန်ရေးအစုအဖွဲ့များက အိန္ဒိယဗဟိုအစိုးရကို အိတ်ဖွင့်ပေးစာတွင် ထည့်သွင်း ပြောကြားထားသည်။

#RedNewsAgency #REDNEWS #RNA