RNA_မတ်(၈)၊၂၀၂၅ခုနှစ်။
အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးတွင် ဂျဲန်ဒါတန်းတူရေးမပါဘဲ မည်သည့်အခါမှ ရရှိလိမ့်မည်မဟုတ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဂျဲန်ဒါတန်းတူညီမျှရေးဌာနက ယနေ့ (မတ်လ ၈ ရက်) ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် သတင်းစကား ပါးထားသည်။
KNDF ၏ ကဏ္ဍအသီးအသီးတွင် တော်လှန်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နေသည့် အမျိုးသမီးရဲဘော်များအား ဂျဲန်ဒါတန်းတူညီမျှရေးဌာနမှ ကျေးဇူးတင်ဂုဏ်ပြုကြောင်း၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့၏ အသိုင်းကြောင်းကို ပြန်လှန်ကြည့်လျှင်လည်း အမျိုးသမီးများသည် သမိုင်းတလျှောက် အရေးပါသည့် တော်လှန်ရေးများတွင် တထောင့်တနေရာမှ ဦးဆောင်ပါဝင်ခဲ့ကြကြောင်း၊ ဖိုဝါဒဆန်ဆန်ဖိနှိပ်ထားသည့် လူ့အဖွဲ့အစည်းကြီးကို ခေတ်အဆက်ဆက်တွင် ပုံစံအမျိုးမျိုးဖြင့် ဆန့်ကျင်ခဲ့ကြသည့် အမျိုးသမီးတို့၏ တော်လှန်ရေးသည် ယနေ့အထိပင် ရဲဝံ့စွာ တည်ရှိနေဆဲဖြစ်သည်ဟု သတင်းစကားတွင် ထည့်သွင်းဖော်ပြထားသည်။
ယနေ့မှစ နောင်အနာဂတ်တွင် ခွဲခြားဆက်ဆံမှုကင်းပြီး ဖိနှိပ်မှုမှန်သမျှကို တိုက်ဖျက်ကာ ဂျဲန်ဒါတန်းတူရေးကို အလေးပေးသည့် ပြည်နယ်တပ်အဖြစ် အသွင်ပြောင်းနိုင်ရေးအတွက် ဂျဲန်ဒါတန်တူညီမျှရေးဌာနမှ KNDF အတွင်းရှိ ရဲဘော်များအားလုံး၏ ဖေးမခွန်အားများဖြင့် ဆက်လက်ကြိုးပမ်းသွားမည်ဟု အမျိုးသမီးရဲဘော်များအားလုံးကို ဂုဏ်ပြုရင်း အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် KNDF ဂျဲန်ဒါတန်းတူညီမျှရေးဌာနက ကတိကဝတ်ပြုထားသည်။
#RedNewsAgency #REDNEWS #RNA