RNA_ဇန်နဝါရီ(၁၄)၊၂၀၂၅ခုနှစ်။
တိုက်ပွဲအတွင်းဖမ်းဆီးခံလိုက်ရသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PNLA ရဲဘော် ၅ ဦးကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းက သတ်ဖြတ်လိုက်သည်ဟု PNLA ကယနေ့ ထုတ်ပြန်လိုက်သည်။
ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာအနီးတွင် ဇန်နဝါရီလ (၁၂) ရက်နေ့က စစ်ကြောင်းထိုးလာသော စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် ပူးပေါင်း စစ်ကြောင်းတို့ PNLA နှင့် တိုက်ပွဲဖြစ်ပွားခဲ့မှုအတွင်း စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူး ၁ ဦးအပါအဝင် ၂၀ ဦးထက်မနည်းကျဆုံးခဲ့ကြောင်း၊ PNLA တပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦးကျဆုံးကာ ၅ ဦးဖမ်းဆီးခံခဲ့ရသည်။
ဇန်နဝါရီ ၁၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဖမ်းဆီးခံရသည့် ရဲဘော် ၅ ဦးသည် အသက်ရှင်လျက်ရှိသည်ကို PNO ပြည်သူ့စစ်၏ ထုတ်ပြန်ချက်တွင် တွေ့ရကြောင်း၊ ဇန်နဝါရီလ ၁၃ ရက်ညတွင်မူ ဖမ်းဆီးခံရသည့် PNLA ရဲဘော် ၅ ဦးကို သတ်ဖြတ်ထားသည့်ပုံကို PNO ပြည်သူ့စစ်က ထပ်မံ
ထုတ်ပြန်ခဲ့သည့်အတွက် ဓာတ်ပုံတွင်ပါရှိသည့် အချိန်မှတ်တမ်းအရ PNLA ရဲဘော် ၅ ဦးကို PNO ပြည်သူ့စစ်က ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀နာရီ ၁၅ မိနစ်ခန့်တွင် နှိပ်စက်သတ်ဖြတ်ထားခြင်းဖြစ်သည်ဟု PNLA ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#RedNewsAgency #REDNEWS #RNA