RNA_ဇန်နဝါရီ(၁၀)၊၂၀၂၅ ခုနှစ်။
အကြမ်းဖက်အာဏာသိမ်းစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် တွေ့ဆုံဆွေးနွေးမှသာ အောင်မြင်မည်ဖြစ်ကြောင်း (၇၇) နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားထားသည်။
မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီသည် ငြိမ်းချမ်းရေးစကား၊ တွေ့ဆုံဆွေးနွေးရေးစကားများ ပြောကြားနေသော်လည်း ပြည်သူများကို ပစ်မှတ်ထားကာ တိုက်ပွဲမဖြစ်ပွားသော မြန်မာနိုင်ငံအတွင်းက ဒေသများကိုပင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဉ်နီးပါး ပြုလုပ်နေခြင်း၊ စစ်ကောင်စီစိုးမိုးထိန်းချုပ်ထားသော နေရာများတွင် လူငယ် လူရွယ်များကို အဓမ္မဖမ်းဆီးကာ စစ်မှုထမ်းစေခြင်း၊ မစိုးမိုးနိုင်သော ဒေသများတွင် စစ်ကြောင်းထိုးကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းနှင့် ပြည်သူများကို သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် ပြုလုပ်ခြင်းစစ်သည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေခြင်းဖြစ်ကြောင်း သိရသည်။
“ဒီမိုကရေစီနှင့် လွှတ်တော်လမ်းကြောင်းပေါ်ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါသည်။ သို့မှသာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။ မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်ကိုအရင်းခံကာ နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဖြစ်သည် အောင်မြင်မှု ရရှိနိုင်မည်ဖြစ်ပါသည်” ဟု မင်းအောင်လှိုင်ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားသည်ကို စစ်ကောင်စီအဖွဲ့ဝင်တင်အောင်ဆန်းက ဖတ်ကြားထားသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်နေ့တွင် ကချင်ပြည်နယ်ကောင်စီညီလာခံ၏ ပထမဆုံးညီလာခံ ပထမဆုံးအစည်းအဝေး၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့သည်ကို ဂုဏ်ပြုသောအားဖြင့် ဇန်နဝါရီလ (၁၀) ရက်နေ့ကို “ကချင်ပြည်နယ်နေ့” အဖြစ် သတ်မှတ်ထားသည့်အတွက် ယနေ့ဆိုလျှင် (၇၇) နှစ် ပြည့်မြောက်ပြီဖြစ်သည်။
#RedNewsAgency