သမ္မတရူး အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အာဏာသိမ်းခဲ့တဲ့ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်

“သမ္မတရဲ့လွှဲအပ်ချက်မရဘဲ စစ်အာဏာသိမ်းမှုလုပ်ခဲ့ရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာကျသလို၊ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ရာလည်းကျပါလိမ့်မယ်။ ဒါက အာဏာရှင်တွေကိုယ်တိုင် အကောင်အထည်ဖော်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ပါနေတာပါ။ ဒါကြောင့် အာဏာကလည်း ရူးချင်၊ နိုင်ငံတော်ပုန်ကန်သူလို့ သတ်မှတ်မှာစိုးရိမ်တဲ့ မင်းအောင်လှိုင်ဟာ အာဏာသိမ်းချိန်မှာပဲ ဖမ်းဆီးခံထားရတဲ့ သမ္မတကြီးဦးဝင်းမြင့်ဆီမှ လွှဲပေးရန်တောင်းဆိုပေမယ့် သမ္မတကြီး ဦးဝင်းမြင့်က လက်မခံခဲ့ဘူး”
ဧရာဝတီလင်းပိုင် – Wiper
စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ NLD အစိုးရလက်ထက် ဒုသမ္မတနှစ်ဦးဖြစ်တဲ့ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီ ဗန်ထီးယူတို့ကို ဆက်လက်ခန့်ထားခဲ့ပြီး ဦးမြင့်ဆွေကို ယာယီသမ္မတအနေနဲ့ တာဝန်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့မှာ ကျန်းမာရေးအရ အနားယူသွားကြောင်းနဲ့ ဦးမြင့်ဆွေကိုလည်း ကျန်းမာရေးမကောင်းတဲ့အပြင် နေ့စဉ်တာဝန်တွေကို လှုပ်ရှားဆောင်ရွက်နိုင်တာမရှိတာကြောင့် အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှုပေးနေရကြောင်း စစ်ကောင်စီက ဇူလိုင် ၁၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
 
သမ္မတကြီးဦးဝင်းမြင့်ကို ဖမ်းဆီးထောင်ချထားပြီး စစ်ကောင်စီရုပ်သေးရုပ် ဒုသမ္မတတွေကို ကျန်းမာရေးအကြောင်းပြချက်နဲ့ ထုတ်ပြန်ပြီး တစ်ပတ်မပြည့်ခင် ဇူလိုင်လ ၂၂ ရက်နေ့မှာပဲ အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ယာယီသမ္မတတာဝန်တွေ လွှဲအပ်ကြောင်း ထုတ်ပြန်တာဖြစ်ပါတယ်။ မင်းအောင်လှိုင်ဟာ သမ္မတဖြစ်ချင်လွန်းလို့ ( သမ္မတရူး ရူးနေလို့) ပြည်သူ့အစိုးရထံကနေ လက်နက်အားကိုးနဲ့ အကြမ်းဖက် အာဏာသိမ်းခဲ့တာကို အခုတော့ အားလုံးလက်ခံလိုက်ရပါပြီ။ သမ္မတရူးကြီး မအလလို့ တရားဝင်ခေါ်လို့ရပြီဖြစ်ပါတယ်။
 
မင်းအောင်လှိုင်ကို ယာယီသမ္မတတာဝန် လွှဲပြောင်းရယူတာဝန်ယူတာနဲ့ ပတ်သက်ပြီး ဇော်မင်းထွန်းက “ အကြောင်းအမျိုးမျိုးကြောင့် ယာယီသမ္မတ လစ်လပ်သွားရင် ပုဒ်မ ၄၁၂( ခ ) ပါတဲ့ အခြေခံဥပဒေရဲ့ သဘောတရားများအရ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကဆုံးဖြတ်ပေးရတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို ဦးဆောင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၁၉ အရ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးအာဏာကို နိုင်ငံတော်သမ္မတကိုယ်စား ကျင့်သုံးဆောင်ရွက်လျက်ရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သာ ဖြစ်ပါတယ်” လို့ ဇူလိုင်လ ၂၃ ရက် မှာပြောကြားခဲ့ပါတယ်။

သူတို့ရဲ့ ဖွဲ့စည်းပုံနှင့် လုပ်ကိုင်ပုံကို ကြည့်မယ်ဆိုရင် စစ်အာဏာရှင်သန်းရွှေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ မှာ ရွေးကောက်ပွဲတစ်ခု ကျင်းပစေပြီး ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်ခဲ့တဲ့ ဦးသိန်းစိန်ကို သမ္မတ တာဝန်ပေးအပ်ခဲ့ပါတယ်။ သူရရွှေမန်းမှာ ၂၀၁၀ ခုနှစ် ကြံ့ခိုင်ရေးပါတီကိုယ်စားပြုဖြင့် ဇေယျာသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်မှာ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခံရသည်။
 
၂၀၁၅ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ်တွင် ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဗဟိုအလုပ် အမှုဆောင် ၁၂ ဦးကို သမ္မတ ဦးသိန်းစိန်အမိန့်ဖြင့် ဖြုတ်ချလိုက်ပါတယ်။ ဒါပေမယ့် သူရရွှေမန်းကို NLD အစိုးရလက်ထက် ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ ၄ရက်တွင် ဒုတိအကြိမ် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များကို ဆန်းစစ်သုံးသပ်ရေးကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်းပြုလုပ်ခဲ့ပါတယ်။ အမှန်စင်စစ်ကြည့်တော့ ရွှေမန်းဆိုတာ သန်းရွှေစေလိုသည့် ဇာညွှန်းအတိုင်း ကခဲ့သူဖြစ်ပါတယ်။
 
သမ္မတ ဦးသိန်းစိန်နှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးကလွဲရင် တတိယမြောက် အာဏာအရှိဆုံးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးသူရရွှေမန်းကိုတော့ ၂၀၂၀ ရွေးကောက်ပွဲဝင်ရန်အတွက် ၂၀၁၉ ခုနှစ် ဧပြီလ ၂၅ ရက်မှာ ပြည်ထောင်စုကောင်းကျိုးပါတီ- Union Betterment Party(UBP) ကိုတည်ထောင်ခဲ့ပြီး ပါတီ၏ ခေါင်းဆောင် နှင့် ဥက္ကဋ္ဌရာထူးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခိုင်းခဲ့ပါတယ်။ တကယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ စစ်အာဏာရှင် အစဉ်အဆက်အုပ်ချုပ်ဖို့ စနစ်တကျစီစဉ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဖြစ်တာကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုတာ တစ်ချိန်မှာသမ္မတဖြစ်လာမယ့် သမ္မတလောင်းလို့ သတ်မှတ်မယ်ဆိုရင်လည်း မှားတယ်လို့မဆိုနိုင်ပါဘူး။
 
ဒါပေမဲ့ ကံမကောင်းအကြောင်းမလှစွာပဲ ၂၀၁၁ ခုနှစ် မှ ၂၀၁၅ ခုနှစ်အကြား အာဏာရခဲ့တဲ့ စစ်တပ်ရဲ့ဝတ်ရုံလဲအုပ်စုဖွဲ့စည်းတဲ့ ဦးသိန်းစိန်ဦး‌ဆောင်တဲ့ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်ရဲ့ တတိယအာဏာ အရှိဆုံးသူရ‌ ရွှေမန်းဦးဆောင်တဲ့ပါတီဟာ ၂၀၂ဝ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီကို ခွက်ခွက်လန်အောင်ရှုံးတဲ့ အနေအထားဆိုက်ရောက်သွားခဲ့ပါတယ်။ ထို့နောက် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၂ရက်နေ့မှာ‌တော့ သူရရွှေမန်းရဲ့ ပါတီ UBPဟာ အပြီးတိုင် ဖျက်သိမ်းခဲ့ပါတယ်။
 
မင်းအောင်လှိုင်နဲ့ ပတ်သတ်ပြီး ပြောရရင်ဖြင့် ၂၀၁၀ ခုနှစ် မှ ၂၀၁၅ခုနှစ်ထိ ဦးသိန်းစိန်လက်ထက် ငါးနှစ်တာကာလအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးရတဲ့ မင်းအောင်လှိုင်ဟာ နိုင်ငံရေးနဲ့ဆိုင်တဲ့ကိစ္စရပ်တွေမှာ ဝင်ရောက်ပြောဆို စွက်ဖက်တာမျိုးမရှိဘဲ တပ်မတော်ဆိုင်ရာလုပ်ငန်းတွေကိုပဲ အာရုံစိုက်တာ တွေ့မြင်ကြရပါတယ်။ NLD အစိုးရလက်ထက်မှာတေ့ မင်းအောင်လှိုင်ရဲ့ ပြုမူလှုပ်ရှားပုံတွေဟာ ဦးသိန်းစိန်လက်ထက်ကနဲ့ ခြားနားလာတာတွေ့မြင်ရပါတယ်။ တပ်မတော်ကို ရွေးကောက်ခံ အစိုးရလက်အောက်မှာ မဟုတ်တဲ့၊ သီးခြားရပ်တည်တဲ့အဖွဲ့အစည်းတစ်ခု၊ သူကိုယ်တိုင် သီးခြားအာဏာရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်အဖြစ်ရပ်တည်ပြခဲ့ပါတယ်။ နိုင်ငံတကာအကြီးအကဲများနဲ့ သံတမန်တွေဟာ အစိုးရအကြီးအကဲ သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို တွေ့ဆုံသလို၊ မင်းအောင်လှိုင်ကိုလည်းသီးခြားစီတွေ့ဆုံရတာမျိုးတွေကို ကျေနပ်နှစ်ခြိုက်ဟန်ရှိပါတယ်။
 
မင်းအောင်လှိုင် မကြာခဏပြောလေ့ရှိတာက သူဟာ စစ်ဘက်၊ အရပ်ဘက်ကြွယ်ဝတဲ့ အုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံတွေအများကြီးရှိခဲ့တယ်၊ ဒါကြောင့် ရွေးကောက်ပွဲပြီးလို့ရလဒ်တွေ ထွက်ပေါ်လာတဲ့အပေါ်မူတည်ပြီး သူဆက်လုပ်သွားမယ်လို့ ဖြေခဲ့ဖူးပါတယ်။ ပြောရရင်တော့ အဲ့ဒီအချိန်ကတည်းက သူ့အနေနဲ့ နိုင်ငံ့အထွတ်အထိပ် နိုင်ငံတော်သမ္မတဖြစ်ဖို့အထိ ရည်မှန်းချက်ထားတယ်ဆိုတဲ့ သဘောမျိုးသာ ဖြစ်ပါတယ်။ နောက်ဆုံး ကြံ့ခိုင်ရေးပါတီက ရွေးချယ်တင်မြှောက်တဲ့ သမ္မတကြီးဖြစ်မလား ဒါမှမဟုတ် စစ်တပ်က တင်တဲ့ သမ္မတဖြစ်မလား ဆိုပြီးမျှော်လင့်ခဲ့ပုံပါပဲ။ မျှော်လင့်သလို ဖြစ်မလာတဲ့နောက် ရွေးကောက်ပွဲကာလတွေအတွင်းမှာပဲ ကာကွယ်ရေးဦးစီးချုပ်အဖြစ်က လျော့ကျမသွားအောင် လုပ်ဆောင်ခဲ့ပါတယ်။
 
၂၀၁၁ ခုနှစ်မှာ မြန်မာ့တပ်မတော်ရဲ့ အဆင့်အမြင့်ဆုံး ရာထူး ဆက်ခံခွင့်ရခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂၀၁၆ မှာ အသက် ၆၀ ပြည့်ခဲ့ပေမဲ့ အငြိမ်းစားမယူခဲ့ဘဲ တပ်မတော်တွင်း ဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်တာဝန် ဆက်ယူခဲ့ပါတယ်။ အာဏာသိမ်းပြီး ၂၀၂၁ခုနှစ် မှာ အသက် ၆၅ နှစ် ထပ်ပြည့်ခဲ့ပေမယ့် အဲ့ဒီအချိန်မှာကတည်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် တခြားတစ်ယောက်ယောက်ကို လွှဲပြောင်းပေးရလိမ့်မယ်ဆိုပြီး အစိုးရအဖွဲ့အတွင်းမှာရော၊ တပ်မတော်အတွင်းမှာပါ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေကြပေမယ့် ဘယ်သူမှ လွှဲမပေးဘဲ ကိုယ်တိုင် ရာထူးတာဝန် ဆက်လက်ယူထားခဲ့သူ ဖြစ်ခဲ့ပါတယ်။
 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ တပ်မတော်သားအစုအဖွဲ့က တင်တဲ့ ဒုသမ္မတတစ်ယောက်ဖြစ်လာဖို့ အလွန်လွယ်ကူပါတယ်။၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ ပြည်ထောင်စုအဆင့်အတွက် ကြံ့ခိုင်ရေးပါတီဟာ အမတ် ၄၁ ယောက်ပဲ အနိုင်ရခဲ့ပြီး အခု ၂၀၂၀ ခုနှစ်မှာ နှစ်ဆခွဲဖြစ်တဲ့ အယောက် ၁၀၀ လောက်အနိုင်ရဖို့ မျှော်မှန်းထားခဲ့ကြပါတယ်။ အဲ့ဒီမျှော်မှန်းချက်ဟာ တပ်ချုပ်ကို ဒု- သမ္မတဖြစ်အောင် ပို့ဆောင်ပေးနိုင်တဲ့ မျှော်မှန်းချက် ဖြစ်ခဲ့ကြပြီး၊ NLDနှင့်ယှဉ်လျှင် ကြံ့ခိုင်ရေးပါတီအပေါ် လူထုထောက်ခံမှုမရခဲ့ဘဲ ၂၀၀၈ဖွဲ့စည်းပုံအရတပ်ချုပ်ကနေ သမ္မတဖြစ်ဖို့အတွက် ၂၀၂၀ ခုနှစ်မှာ အတော့်ကိုအလှမ်းဝေးခဲ့ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ သမ္မတဖြစ်ချင်တဲ့ မင်းအောင်လှိုင်ဟာ အသက်ပြည့်သော်လည်း ဆက်လက်တာဝန်ထမ်းဆောင်နေတာဟာ သမ္မတဖြစ်လာဖို့ရန် အိပ်မက်စိတ်ကူး ရှိခဲ့ခြင်းသာ ဖြစ်ပါလိမ့်မယ်။
 
၂၀၂၀ခုနှစ် နိဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ မတိုင်ခင် အခြေအနေကို ကြိုတင်သုံးသပ်မိတဲ့ အတွက် ၂၀၂၀ ခုနှစ် သြဂုတ်လ ၁၄ ရက်မှာလည်း မင်းအောင်လှိုင်ဟာ နိုင်ငံရေးပါတီ ၃၄ ပါတီကို နေပြည်တော်တွင် တွေ့ဆုံပွဲလုပ်ပါတယ်။ အဲ့ဒီပွဲမှာ နိုင်ငံရေးပါတီခေါင်းဆောင်သုံးယောက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ မကောင်းကြောင်း၊ ဘက်လိုက်နေတဲ့အကြောင်း၊ ဒါကြောင့် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်း၊ ဒါကြောင့် တပ်မတော်က အာဏာလွှဲပြောင်းရယူပြီး ရွေးကောက်ပွဲကျင်းပ ပေးစေလိုကြောင်း တင်ပြခဲ့ပါတယ်။
 
နိုင်ငံရေးပါတီခေါင်းဆောင်တစ်ချို့ရဲ့ အမြော်အမြင်မဲ့တဲ့ အကြံပေးချက်အတိုင်း ၂၀၀၈ ဖွဲ့စည်းပုံကို ချိုးဖောက်ရာရောက်တဲ့၊ နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ပြီး စစ်အာဏာသိမ်းမှုမျိုး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ လုပ်လိမ့်မယ်လို့ မထင်ပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာပဲ အာဏာရူးပြီး ပြည်သူ့အစိုးရအဖွဲ့ကို လက်နက်အားကိုးနဲ့ ဖမ်းဆီး အာဏာသိမ်းတဲ့ အလုပ်ကို လုပ်ခဲ့ပါတော့တယ်။ အာဏာသိမ်းချိန်မှာ မဲမသာမာမှုကြောင့်စွပ်စွဲပြီး အာဏာထိမ်းခဲ့ပါတယ်လို့ ဝါဒဖြန့်ပြီး သူအာဏာမရူးကြောင်း ဖုံးကွယ်ပြီး အနိုင်ရပါတီကို စွပ်စွဲအပုတ်ချပါတော့တယ်။
 
NLDပါတီကို မယှဉ်နိုင်တဲ့ စစ်တပ်ရဲ့ ကျောထောက်နောက်ခံပါတီဖြစ်သလို၊ သမ္မတရာထူးကို စစ်တပ်အသိုင်းအဝန်းကပဲ ယူဖို့ ကြံစည်ထားတဲ့ စစ်အရာရှိဟောင်းတွေ အဝတ်ပြောင်း ဖွဲ့စည်းတဲ့ကြံ့ခိုင်ရေးပါတီကို ထောက်ခံသူများ၊ စစ်တပ်အသိုင်းအဝန်းများကလည်း အာဏာသိမ်းခြင်းဆိုတဲ့ စကားလုံးကိုပင် မသုံးဘဲ အာဏာထိမ်းခြင်းအဖြစ်သာ သုံးစွဲပြောဆိုကြပါတယ်။ အကွက်ကျကျ စီစဉ်ထားပြီး သမ္မတရူး ရူးနေတာ သူတို့ကိုယ်သူတို့ လည်ပြီ ထင်လှပေမယ့် သူတို့ထက် အစစအရာရာသာနေတဲ့ ပြည်သူတွေနဲ့ အနိုင်ရပါတီအဖွဲ့ဝင်တွေက အဲ့ဒီ‌ နေ့ကတည်း အာဏာသိမ်းခြင်းလို့သာ မှတ်ယူခဲ့ကြပါတယ်။
 
၂၀၀၈ ဖွဲ့စည်းပုံမှာတော့ တိုင်းပြည်က တကယ့်ကို ဆိုးဆိုးရွားရွားအခြေအနေရောက်မှ နိုင်ငံတော်သမ္မတကနေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အာဏာလွှဲပြောင်းပေးဖို့ဆိုတဲ့ ဖော်ပြချက်ရှိပါတယ်။နိုင်ငံတော်သမ္မတက လွှဲမပေးရင် တပ်ချုပ်ဟာ သူ့သဘောနဲ့သူ အာဏာရယူလို့မရပါဘူး။ တကယ်လို့ သမ္မတရဲ့လွှဲအပ်ချက်မရဘဲ စစ်အာဏာသိမ်းမှုလုပ်ခဲ့ရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာကျသလို၊ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ရာလည်းကျပါလိမ့်မယ်။ ဒါက အာဏာရှင်တွေကိုယ်တိုင် အကောင်အထည်ဖော်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ပါနေတာပါ။ ဒါကြောင့် အာဏာကလည်း ရူးချင်၊ နိုင်ငံတော်ပုန်ကန်သူလို့ သတ်မှတ်မှာစိုးရိမ်တဲ့ မင်းအောင်လှိုင်ဟာ အာဏာသိမ်းချိန်မှာပဲ ဖမ်းဆီးခံထားရတဲ့ သမ္မတကြီးဦးဝင်းမြင့်ဆီမှ လွှဲပေးရန်တောင်းဆိုပေမယ့် သမ္မတကြီး ဦးဝင်းမြင့်က လက်မခံခဲ့ဘူးလို့ သိရပါတယ်။
 
သမ္မတဦးဝင်းမြင့်ဟာ ပြည်သူ့အပေါ် ဘယ်တော့မှ သစ္စာဖောက်မသွားပေမဲ့ NLD က ရွေးချယ်ခဲ့တဲ့ တပ်ထွက် ဒု -သမ္မတ ဦးဟင်နရီဗန်ထီးယူကို အာဏာစသိမ်းချိန်မှာ ဖမ်းဆီးခြင်းမလုပ်ဘဲ ဟန်ပြ အနေဖြင့် ထားရှိခဲ့ပြီး၊ စစ်တပ်ဖက်က ဗိုလ်မှူးကြီးဟောင်း မြင့်ဆွေကို သမ္မတရာထူးဖြင့် ထားရှိခြင်းဟာလည်း ဟန်ပြသာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို မလိုက်နာဘဲ ထင်ရာစိုင်းအကြိမ်ကြိမ်ချိုး‌ဖောက်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ယခုနှစ်ပိုင်းမှာတော့ သူရူးခဲ့တဲ့ သမ္မတအိပ်မက်ကို အကောင်ထည်ဖော်ဖို့ရန် ဦးဟင်နရီဗန်ထီးရူနဲ့ ဦးမြင့်ဆွေတို့ အနားယူခြင်း ဖြစ်စဉ်တွေဟာလည်း ရိုးသားမှုမရှိဘဲ သူသာလျှင်သမ္မတ ရာထူးရဖို့ အကွက်ကျကျစီစဉ်ထားခြင်းသာ ဖြစ်ပေလိမ့်မည်။
 
သမ္မတရူး ရူးတာကို ဘယ်လိုပင်ငြင်းဆန်သည်ဖြစ်စေ ၂၀၂၃ ခုနှစ် ဇန်နဝါလ ၁ ရက်နေ့မှာ သမ္မတအဆောင်အယောင်နှင့်အတူ ရွှေစလွယ်ကိုဝတ်ဆင်ပြီး ဘွဲ့ တံဆိပ်ချီးမြှင့်ပွဲကိုတက်ခဲ့တဲ့ အထောက် အထားအပြင် မင်းအောင်လှိုင်အနေနဲ့ နိုင်ငံတော်အာဏာကျင့်သုံးရာမှာ ယာယီသမ္မတရာထူးအဖြစ်ဆောင်ရွက်မှာလား…၊ နစက ဥက္ကဌရာထူးအဖြစ် ဆောင်ရွက်မှာလားဆိုတဲ့ မေးမြန်ချက်အပေါ် နိုင်ငံတော် အာဏာကျင့်သုံးရာမှာ သမ္မတအမည်ဖြင့်သာ ကျင့်သုံးမယ်လို့ ဇော်မင်းထွန်းက ဇူလိုင် ၂၃ ရက်နေ့မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
 
ဒီလောက်ဆိုရင် စစ်တပ်အသိုင်းအဝန်းဟာ အကြံမျိုးမျိုးသုံး၊ လူဝတ်အမျိုးမျိုးလဲ အကွက်ကျကျ စီစဉ်ရေးဆွဲပြီး သူများထက်ပို နေရာယူချင်စိတ်ရှိကြတဲ့ အဖွဲ့အစည်းဖြစ်သလို၊ စစ်တပ်အသိုင်း အဝန်းကသာလျှင် လုပ်ပိုင်ခွင့်အာဏာယူချင်သူများသာဖြစ်ကြပြီး မင်းအောင်လှိုင်ဟာ သမ္မတရူး ရူးနေခဲ့သူဖြစ်တာကို စစ်တပ်ထောက်ခံသူတွေ အနေနဲ့ရော မင်းအောင်လှိုင်ကို ကိုးကွယ်သူတွေ အနေနှင့်ပါလက်ခံသင့်မယ်လို့ ထင်မိပါတယ်။ မင်းအောင်လှိုင်သမ္မဖြစ်သွားပြီဆိုတော့ သူ့အတွက်တော့ ဂိတ်ဆုံးလို့ နိဂုံးချုပ်ဖို့သာ ကျန်ပါတော့တယ်။ ။
#RedNewsAgency
By Editor