အစ္စရေး-ပါလက်စတိုင်းစစ်ပွဲ အပစ်အခတ်ရပ်စဲဖို့ တရုတ်တောင်းဆို

RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၃ခုနှစ်။

ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွါးနေသည့် အစ္စရေး-ပါလက်စတိုင်းစစ်ပွဲ အပစ်အခတ်ရပ်စဲရေးနှင့် ကျန်းမာရေး အကြပ်အတည်း တုံ့ပြန်ဖြေရှင်းကြရန် ကုလသမဂ္ဂဆိုင်ရာ တရုတ်မစ်ရှင်ရုံးအကြီးအကဲ Chen Xu က ဒီဇင်ဘာ ၁၀ ရက်နေ့က ပြောကြားထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အမှုဆောင်အဖွဲ့က ကြီးမှူးကျင်းပသော အထူးအစည်းအဝေးမှာ တရုတ်မစ်ရှင်ရုံးအကြီးအကဲ Chen Xu က ပါလက်စတိုင်းထိန်းချုပ်နယ်မြေရှိ ကျန်းမာရေးအခြေအနေနှင့် စပ်လျဉ်း၍ မှတ်ချက်ပြုပြောဆိုခဲ့ရာမှာ အစ္စရေး-ပါလက်စတိုင်းစစ်ပွဲအပေါ် တရုတ်နိုင်ငံ၏ သဘောထားကို ထည့်သွင်းပြောဆိုခဲ့သည်။

“တရုတ်နိုင်ငံအနေနဲ့ ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုအပေါ် များစွာ စိုးရိမ်ပူပန်ကြောင်း၊ တည်ငြိမ်မှုရရှိရန်၊ ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းများ ပံ့ပိုးပေးရန်နဲ့ ပြည်သူများအား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပေးအပ်နိုင်ရန် ဆက်စပ်အဖွဲ့အစည်းများကို တိုက်တွန်းကြောင်း၊နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် ပါလက်စတိုင်း-အစ္စရေးကိစ္စရပ်နဲ့ ဆက်စပ်လွှမ်းမိုးမှုရှိသည့် နိုင်ငံများအနေဖြင့် ဘက်စုံတည်တံ့သည့် အပစ်အခတ်ရပ်စဲရေး မြှင့်တင်ရေး၊ အရပ်သားများ၏ အသက်ရှင်သန်နေထိုင်ရေးနဲ့ကျန်းမာရေးကို ကာကွယ်ပေးရေးမှာ တာဝန်ယူမှုရှိတဲ့ အခန်းကဏ္ဍမှ ပါဝင်ကြဖို့” တရုတ်မစ်ရှင်ရုံးအကြီးအကဲ Chen Xu က ပြောသည်။

ဂါဇာဒေသတွင် အရေးပေါ်လိုအပ်နေသော ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ အသုံးအဆောင်များ ပံ့ပိုးခြင်းနှင့် ဒဏ်ရာရသူများကို ကုသခြင်းနှင့် လွှဲပြောင်းခြင်းများတွင်လည်း WHO နှင့် အခြားလူသားချင်းစာနာထောက်ထားမှု အေဂျင်စီများ ထောက်ခံအားပေးသင့်ကြောင်း၊ ပါလက်စတိုင်းနှင့် ကုလသမဂ္ဂသို့ နယ်ပယ်စုံမှတစ်ဆင့် ငွေကြေးအကူအညီများ ကူညီပံ့ပိုးပေးခဲ့ကြောင်း၊ ဂါဇာကမ်းမြောင်ဒေသသို့ အစားအစာနှင့် ဆေးဝါးအကူအညီများ ပေးအပ်ခဲ့ကြောင်း၊ ဂါဇာဒေသရှိ ပြည်သူများ၏ လိုအပ်ချက်အရ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဆက်လက်ပေးအပ်လျက်ရှိသည်ဟု မစ္စတာ Chen Xu က ဆက်လက်ပြောကြားထားသည်။

ဒီဇင်ဘာ ၈ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အာရပ်စော်ဘွားများ ပြည်ထောင်စု – UAE က အဆိုပြုတင်သွင်းသည့် ဂါဇာကမ်းမြောင်ဒေသ လူသားချင်းစာနာတဲ့ အကူအညီပေးနိုင်ရေး အစ္စရေးနှင့် ပါလက်စတိုင်း ဟာမတ်စ်အဖွဲ့တို့ တိုက်ပွဲများ ချက်ချင်းရပ်ရန် အဆိုပြု တင်သွင်းသည့် မူကြမ်းကို လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံအထဲမှ ၁၃ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး ဗြိတိန်နိုင်ငံက မဲမပေးဘဲ ကြားနေခဲ့ကာ အမြဲတမ်းအဖွဲ့ဝင် အမေရိကန်နိုင်ငံက ဗီတိုအာဏာသုံးကာ ပယ်ချခဲ့သည်။

#RedNewsAgency

By RNA Editor