အင်းစိန်ထောင်တွင်း ဖမ်းဆီးခံထားရသည့် စစ်ပြေးနှင့် ရဲပြေးများကို ယနေ့ ထုတ်သွား

RNA_ဒီဇင်ဘာ(၇)၊၂၀၂၃ ခုနှစ်။

စစ်တပ်တွင် တာဝန်ပြန်ထမ်းဆောင်လိုသော ခွင့်မဲ့ စစ်ပြေးများကို ပြန်လည်ခေါ်ဆောင်သည့် အမိန့်စာ ထုတ်ပြီးနောက် အင်းစိန်ထောင်အတွင်း အကျဉ်းကျနေသည့် စစ်ပြေးနှင့် ရဲပြေး လူငယ်များကို စစ်ကောင်စီလက်အောက်ခံ ရဲကား (၇) စီးဖြင့် ယနေ့ သယ်ထုတ်သွားကြောင်း သိရသည်။

“မနက်ပိုင်းက ရဲတွေပါလာတဲ့ကားတွေ ဝင်လာတာ အမိုးအုပ်ထားတဲ့ ကားအမြင့်တွေပဲ ပြီးတော့ ထောင်ထဲကလူတွေကို သယ်ထုတ်သွားတယ် မနက် ၁၁ နာရီနဲ့ ၂ နာရီကြားမှာ ထုတ်သွားတာ၊ အားလုံး ကား ၇ စီးရှိတယ်၊ ထုတ်သွားတာကလဲ ရဲပြေး စစ်ပြေးဖြစ်ဖို့ အများဆုံးလူငယ် အများစုကို ထုတ်သွားတာ၊ သေချာပါတယ် စစ်ပြေး ရဲပြေးဖြစ်မှာ ဘာလို့လဲဆိုရင် ထောင်ပြောင်းတာမဟုတ်ဘူး အခုလို အမိုးအုပ်ရဲတွေလိုက်ပါတဲ့ကားနဲ့ ဘယ်တော့မှ ထောင်ပြောင်းမထုတ်ဘူး” ဟု အင်းစိန်ထောင်ဝန်းနှင့် နီးစပ်သူ တဦးက ပြောသည်။

အကြမ်းဖက် စစ်ကောင်စီတပ်အတွင်း တပ်ရင်းအလိုက် လက်နက်ချသူများ၊ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရမှုများ၊ တိုက်ပွဲအတွင်း သေဆုံးမှုများ၊ CDM ပြုလုပ်သူများကြောင့် တပ်တွင်း ရှေ့တန်းထွက်အင်အား နည်းပါးနေသည့်အတွက် လူအင်အား အဆမတန်လိုအပ်နေကြောင်း၊ မြို့သိမ်းခံရခြင်းများ အပါအဝင် စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများမှာ စစ်မတိုက်လိုတော့ခြင်း စသည်တို့ကြောင့် စစ်ကောင်စီတပ်မှာ ပြိုလဲနေသည့်အဆင့်သို့ တဖြည်းဖြည်းရောက်ရှိနေကြောင်း သိရသည်။

ဒီဇင်ဘာလ ၃ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ သတင်းစာနှင့် ရုပ်မြင်သံကြား စသည့် ဝါဒဖြန့်ချိရေး နေရာများမှ တပ်မတော်တွင် ပြန်လည်တာဝန်ထမ်းဆောင်လိုသော ခွင့်မဲ့/ စစ်ပြေး များက ဆက်သွယ်လာမှုအရ သတ်မှတ်ကာလအတွင်း နီးစပ်ရာတပ်များတွင် ပြန်လည်လက်ခံမည်ဟု ကြေညာထားသည်။

#RedNewsAgency

By RNA Editor