Sold Out လို့မအော်ခင် ပြန်စဉ်းစားပါ

“အခုအချိန်ဟာ တော်လှန်ရေး ရေချိန်မြင့်တက်နေတဲ့ အတွက် Sold Out ဆိုတဲ့ စကားကို သူ့ထက်ငါ အလုအယက် တင်ချင်ကြတာမှန်ပေမဲ့ အချိန်ခဏလောက်တော့ သည်းခံသင့်ရင် သည်းခံရမှာပါ”
လှဆောင်
အာမချောင်နဲ့ ဆိုတဲ့စကားဟာ ဒီနိုင်ငံမှာ လူတိုင်းနီးပါးလောက် ပြောဖူးကြမယ့် စကားမျိုးဖြစ်ပါလိမ့်မယ်။ မလုပ်နိုင်တဲ့ကိစ္စတွေကို လုပ်နိုင်တယ်ဆိုပြီး အာမခံတာတွေ၊ မပြောသင့်တဲ့စကားတွေကို မပြောသင့်တဲ့ အချိန်နဲ့ နေရာမှာ ပြောမိတဲ့ ကိစ္စတွေ၊ ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စတွေမှာ ဝင်ပြောတဲ့ ကိစ္စတွေမှာ အာမချောင်နဲ့လို့ ပြောလေ့ရှိကြပါတယ်။
အခုလည်းပဲ နိုင်ငံတဝန်း စစ်အာဏာရှင်တော်လှန်ရေး ရေချိန်မြင့်တက်လာတာနဲ့ အမျှ ပါးစပ်စည်းမစောင့်ဘဲ အာချောင်တဲ့သူတွေ အများအပြားရှိလာပါတယ်။ အဲဒါကတော့ ခုရက်ပိုင်းခေတ်စားနေတဲ့ “Sold Out” ပဲဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်က မြို့တစ်မြို့ကိုသိမ်းလိုက်တိုင်း အဲဒီမြို့နာမည်နဲ့ Sold Out ဆိုပြီး ရေးသားပြောဆိုနေကြတာပါ။
ထင်သာတဲ့ ဥပမာကို ပြရမယ်ဆိုရင် ကိုးကန့်ဒေသက ကွမ်လုံမြို့ကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်တုန်းက” ကွမ်းလုံ Sold Out ” ဆိုပြီး တော်လှန်ရေးနာမည်ကြီး ဆယ်လီတချို့နဲ့ ပြည်သူတချို့က ရေးသားခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ပြောတဲ့အချိန်တုန်းက ကွမ်းလုံကို အလုံးစုံ မထိန်းချုပ်၊ မသိမ်းပိုက်နိုင်သေးပါဘူး။ နောက် သုံးလေးရက်ကြာမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ထီးချိုင့်မြို့သိမ်းတိုက်ပွဲမှာလည်း ထီးချိုင့် Sold Out၊ တန့်ဆည်ကို ဝင်တိုက်တုန်းကလည်း တန့်ဆည် Sold Out ဆိုပြီး သတင်းတိတိကျကျမသိရသေးဘဲ ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလိုမျိုး တင်ခဲ့ကြတာ ဘယ်သူတွေနဲ့ ဘယ်တော်လှန်ရေး Page တွေလည်းဆိုတာ သက်သေတွေရှိပါသေးတယ်။ အဲဒီ ၂ မြို့လုံးကိုလည်း တော်လှန်ရေးအင်အားစုတွေ အခုထိမသိမ်းနိုင်သေးပါဘူး။
ဒီလို အချိန်တစ်ခုကို မစောင့်ဘဲ ရေးသားပြောဆိုခဲ့တာကြောင့် အဆိုးဆုံးဖြစ်ခဲ့တာက ရခိုင်ပြည်နယ်က ပေါက်တောမြို့နယ်ကိစ္စပါ။ ရက္ခိုင့်တပ်တော် AA ဟာ သူ့အစီအစဉ်အတိုင်း မြို့တွေက ရဲစခန်းတချို့ကို လက်နက်ချခိုင်းတာ၊ ဆုတ်ခွာခိုင်းတာတွေ လုပ်နေပါတယ်။ အဲဒီနေ့တုန်းကလည်း ပြည်နယ်မြို့တော် စစ်တွေမြို့နဲ့ သိပ်မဝေးတဲ့ ပေါက်တောမြို့က ရဲစခန်းကို AA က လက်နက်ချခိုင်းပြီး လုပ်စရာရှိတာ ဆက်လုပ်နေပါတယ်။ ဒါပေမဲ့ AA က စစ်တွေနားက ပေါက်တောကို ထိန်းချုပ်သိမ်းပိုက်လိုက်ပြီဆိုပြီး ရေးသားပြောဆိုမှုတွေရှိခဲ့တာကတော့ ဒီတစ်ခါ ပြည်သူတွေတင်မကဘဲ သတင်းဌာနတွေပါ ပါဝင်နေတာပါ။
အဲဒီကိစ္စတွေရဲ့ နောက်ဆက်တွဲကတော့ စစ်ကောင်စီဟာ လေကြောင်းနဲ့ တိုက်ခိုက်တာတင်မကတော့ဘဲ ရေကြောင်းကနေပါ ပေါက်တောမြို့ကို ပစ်ခတ်တိုက်ခိုက်တော့တာပါ။ ဒါကြောင့် ပြည်သူတွေရာနဲ့ချီ မြို့ထဲမှာ ပိတ်မိခဲ့ကြ ပိတ်မိနေတုန်းပဲ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဘာသံမှ မထွက်ခဲ့ရင်တော့ AA ဟာ သူလုပ်စရာရှိတာကို ပုံမှန်အတိုင်းလုပ်သွားပြီး သူတို့ကြေညာစရာရှိတာကို အချိန်တန်ရင် ကြေညာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ စစ်ကောင်စီက မြို့ကိုအမှုန့်ချေနေတဲ့ကြားကနေ ပိတ်မိနေတဲ့ ပြည်သူတွေကို AA က ကယ်ထုတ်နေရပါပြီ။
အခုအချိန်ဟာ တော်လှန်ရေး ရေချိန်မြင့်တက်နေတဲ့ အတွက် Sold Out ဆိုတဲ့ စကားကို သူ့ထက်ငါ အလုအယက် တင်ချင်ကြတာမှန်ပေမဲ့ အချိန်ခဏလောက်တော့ သည်းခံသင့်ရင် သည်းခံရမှာပါ။ တစ်ချက်လွဲသွားရင် ပေးလိုက်ရတာက ပြည်သူတွေရဲ့ အသက်ဖြစ်ပြီး လုပ်နေကိုင်နေကြတာကလည်း အသက်တွေ၊ ဘဝတွေ ရင်းထားရတဲ့ စစ်အာဏာရှင်တော်လှန်ရေးကြီးပါ။
Sold Out လို့ ရေးတော့မယ်ဆိုတာနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက တရားဝင်ကြေညာပြီးသွားပြီလား ဆိုတာကို ပြန်စဉ်းစားပါ။ ရှေ့တန်းသတင်းရင်းမြစ်က ပြောလို့ဆိုတာနဲ့ပဲ မရေးပါနဲ့ဦး။ တရားဝင်ထုတ်ပြန်ပြီဆိုရင်တော့ Sold Out ကို ဆို့အောက်လို့ပဲ ရေးချင်ရေး၊ Sold Out ဆိုတာချည်းကိုပဲ အခါတစ်ရာလောက်ရေးရေး လုပ်ချင်သလိုလုပ်ပါ။ ဒါပေမဲ့ မပြီးခင်တော့ တိတ်တိတ်လေးနေပေးတာ၊ အားပေးနေတာမျိုးက မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအဖွဲ့သားတွေအတွက် ပိုအကျိုးဖြစ်စေမှာ အမှန်ပါပဲ။
မီးဇာကုန် ဆီခမ်းခါနီး မီးတောက်တစ်ခုကို လက်အပူခံပြီး ငြှိမ်းသတ်စရာမလိုပါဘူး။ အချိန်ခဏစောင့်လိုက်ရင် သူ့အလိုလိုငြိမ်းသွားမှာပါ။ မငြိမ်းခင်တော့ နောက်ဆုံးအချိန်မှာ ဝုန်းခနဲ ထတောက်တက်ပါတယ်။ အခုလည်းပဲ စစ်ကောင်စီမထိန်းချုပ်နိုင်တော့ဘဲ သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားတွေ မီးဇာကုန် ဆီခမ်းနေတဲ့ မြို့တွေ အများကြီးရှိနေပါပြီ။
အခုက တော်လှန်ရေးက အားကောင်းလာတာ အားလုံးအသိဖြစ်တော့ အပြီးသတ်မငြိမ်းခင်တော့ စစ်ကောင်စီဟာ ဝုန်းခနဲ ထတောက်ပါလိမ့်မယ်။ ဒါကြောင့် မြေပြင်အခြေအနေကိုပိုသိတဲ့ သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့တွေက အချိန်တစ်ခုစောင့်ပြီး သူတို့လုပ်စရာရှိတာ လုပ်ပါလိမ့်မယ်။ အဓိကကတော့ Sold Out အော်ချင်ရင်သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ပြည်သူတွေကို တရားဝင်အသိပေးတဲ့အချိန်ထိ ချုပ်တည်းပြီးတော့သာ သည်းခံစောင့်စားပေးကြဖို့ပါပဲ။ ။
ဓာတ်ပုံ : ကောလင်းမြို့သိမ်းတိုက်ပွဲအပြီး သိမ်းဆည်းရမိသည့်လက်နက်များ။
#RedNewsAgency
By Editor