အမေရိကန်နှင့်တရုတ် အဆင့်မြင့်စစ်ဘက်ဆိုင်ရာဆက်ဆံရေးပြန်လည်စတင်မည်

မောင်လူအေး(လှည်းတန်း)/RNA_နိုဝင်ဘာ(၁၇)၊၂၀၂၃ ခုနှစ််။

အမေရိကန်နှင့်တရုတ် နှစ်နိုင်ငံ အဆင့်မြင့်စစ်ဘက်ဆိုင်ရာဆက်ဆံရေး ပြန်လည်စတင်ရန် သမ္မတ Joe Biden နှင့် သမ္မတ Xi Jinping တို့ နိုဝင်ဘာ ၁၅ ရက်က သဘောတူညီခဲ့ကြသည်။

အမေရိကန် သမ္မတ Joe Biden နှင့် တရုတ်သမ္မတ Xi Jinping ထိပ်သီးခေါင်းဆောင် နှစ်ဦီီီီးသည် ဆန်ဖရန်စစ္စကို (San Francisco) မြို့ တောင်ဘက်ရှိ သမိုင်းဝင် Filoli စံအိမ်မှာ နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့ဆုံဆွေးနွေးမှုအတွင်း သဘောတူညီခဲ့ကြသည်ဟု သိရသည်။

“တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနဲ့ တည်ငြိမ်ခိုင်မာ၍ ရေရှည်တည်တံ့သော ဆက်ဆံရေး ထားရှိဖို့ အစဉ်အမြဲ ကတိပြုထားပါတယ်၊ စောင့်ထိန်းရမယ့် အကျိုးစီးပွားတွေ၊ ထိန်းသိမ်းရမယ့် စည်းမျဉ်းတွေ၊ မဖြတ်ကျော်ရတဲ့ မျဉ်းနီတွေ ရှိပါတယ်၊၊ နှစ်နိုင်ငံအနေနဲ့ တစ်ဦးနဲ့တစ်ဦး လေးစားကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တဲ့ မိတ်ဖက်တွေဖြစ်ရမယ်” ဟု တရုတ်သမ္မတ Xi Jinping က ပြောသည်။


အမေရိကန် နှင့် တရုတ် နှစ်နိုင်ငံအနေဖြင့် စီးပွားရေး၊ ကုန်သွယ်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် ဉာဏ်ရည်တု (AI) နည်းပညာများတွင် ဘုံအကျိုးကျေးဇူးများရှိကြောင်း၊ နိုင်ငံခြားရေးမူဝါဒ၊ ဘဏ္ဍာရေး၊ကူးသန်းရောင်းဝယ်ရေး၊ စိုက်ပျိုးရေးနှင့် အခြားနယ်ပယ်များတွင် ပြန်လည်ထိန်းသိမ်းထားသော ယန္တရားသစ်များကို အပြည့်အဝအသုံးချရေး၊ မူးယစ်ဆေးဝါးတန်ပြန်တိုက်ဖျက်ရေး၊ တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဥာဏ်ရည်တု (AI) ကဲ့သို့ သိပ္ပံနှင့် နည်းပညာ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်ရန် အရေးကြီးကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

 

တရုတ်သမ္မတ Xi Jinping သည် အမေရိကန်နိုင်ငံကို နိုဝင်ဘာ ၁၄ ရက်မှ ၁၇ ရက်အထိ ကျင်းပမည့် အာရှပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေး (APEC) ထိပ်သီး ညီလာခံကို တက်ရောက်နေကာ အမေရိကန် သမ္မတ Joe Biden နှင့် နိုဝင်ဘာ ၁၅ ရက်မှာနေ့မှာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

Ref- Xinhua – AP

#RedNewsAgency

By Editor