KNDFနှင့် ပူးပေါင်းတပ်ဖွဲ့ စစ်ကောင်စီတပ် လေယာဉ်ပစ်ချ

RNA_နိုဝင်ဘာ(၁၁)၊၂၀၂၃ ခုနှစ်။

ယနေ့ ကရင်နီပြည်တွင် “၁၁.၁၁ စစ်ဆင်ရေး” (11.11 Operation) စတင်လိုက်သည့်အတွက် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ချိန် လေယာဉ်တစ်စီးကို ပစ်ချနိုင်ပြီး စစ်ကောင်စီတပ်စခန်း (၇) ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

” စစ်ကောင်စီ၏ အမျိုးအမည်မသိ တိုက်လေယာဉ်(၁)စီးအား မိမိတို့ KNDF-B01 နှင့် KA တို့မှ ပွိုင့်ဖိုက်(.5)များဖြင့် တန်ပြန်ပစ်ခတ်နိုင်ခဲ့ပြီး လေယာဉ်အတောင်ပံ နှင့် ကိုယ်ထည်ပိုင်းအား ကျည်ဆံထိမှန်ခဲ့ပြီး မီးခိုးအများအပြားထွက်ကာ ပြန်လှည့်ထွက်သွားခဲ့ပြီး စစ်မြေပြင်နှင့် အဝေးတစ်နေရာတွင် ပျက်ကျခဲ့ပါသည်။ အဆိုပါလေယာဉ်အတွင်း ပါဝင်သူ နှစ်ဦးအား နှစ်ဖက်တပ်များမှ လိုက်လံရှာဖွေနေဆဲ ဖြစ်ပါသည်” ဟု KNDF က ထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ်၊ တော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့များ ဖြစ်ကြသည့် KA ၊ KNDF ၊ KNPLF ၊ DMO PDF ၊ Loikaw PDF ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ မြို့ပြပျောက်ကျားတပ် နှင့် ရှမ်းတောင် PDF တို့ အတူပါဝင်၍ ပူးပေါင်းစစ်ဆင်ရေးတစ်ရပ်ကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ၊ (၁၁)ရက်နေ့တွင် ဒီးမောဆိုမြို့နယ်ရှိ နန်းမယ်ခုံမြို့ရှိ တပ်စခန်းများအပါအဝင် မိုးဗြဲမြို့ နှင့် လွိုင်ကော် မြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်စခန်းများအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စခန်းပေါင်း(၇)ခု အား ယနေ့တွင် အောင်မြင်စွာ စတင်သိမ်းပိုက်ယူနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ယနေ့စတင်ခဲ့သည့် တော်လှန်ရေးတပ်ပေါင်းစုများ၏ စစ်ဆင်ရေးအား “၁၁.၁၁ စစ်ဆင်ရေး” (11.11 Operation) ဟု ခေါ်ဆိုမည်ဖြစ်ပြီး စစ်ဆင်ရေးတွင်မိမိတို့ ကရင်နီပြည်နယ်တွင် ညီညွတ်မှုအင်အားဖြင့် အာဏာရှင်ဖြုတ်ချရေးနှင့် ကိုယ့်ကံကြမ္မာကိုယ်တိုင်ဖန်တီးနိုင်ရေးအတွက် အားလုံးနှင့်အတူတကွရှေ့ဆက်၍ တိုက်ပွဲများကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲရာတွင် အရပ်သားပြည်သူလူထု နှင့် အဆောက်အဦ ထိခိုက်ပျက်ဆီးမှုများ ရှိလာနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံမည့် အစီအမံများ နှင့် သက်ဆိုင်ရာ ကြိုတင်ပြင်ဆင် ညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

#RedNewsAgency

By RNA Editor