စပျစ်ခူးရွာ တစ်ရွာလုံးရွှေ့ပြီး ကျောက်စိမ်းတူးရန်ပြင်နေ

RNA_ဖားကန့် စက်တင်ဘာလ ၈ ရက်၊ ၂၀၂၃ ခုနှစ်။

ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ စပျစ်ခူးကျေးရွာကို တစ်ရွာလုံးရွှေ့ပြောင်းပြီး ကျောက်စိမ်းတူးရန် အဖွဲ့အစည်းတစ်ခုက ဦးဆောင်ပြင်ဆင်နေကြောင်း ကျေးရွာသားများထံမှ သိရသည်။ 

စပျစ်ခူးရွာသည် အိမ်ခြေ(၁၆၀)ဝန်းကျင်၊ လူဦးရေ ငါးရာနီးပါးရှိပြီး နှစ်ပေါင်းသုံးဆယ်ကျော် သက်တမ်းရှိ ရွာတစ်ရွာဖြစ်ကြောင်း၊ စပျစ်ခူးတစ်ရွာလုံးကို KIO/KIA အစိုးရက လုပ်ကွက်တူးဖို့ ခွင့်ပြုပေးလိုက်ကြောင်း၊ အာဏာသိမ်းစစ်တပ်မှလည်း ပါဝင်ပတ်သက်နေသည်ဟု ဒေသခံများထံမှ သိရသည်။

ဖားကန့်ဒေသတစ်ခုလုံး KIA ကပဲ ဦးဆောင်ပြီးတူးတူး၊ လုပ်ငန်းရှင်ပဲညှိပြီးတူးတူး၊ စစ်တပ်ကို အခွန်အခမပေးပဲ တူးလို့မရဘူးလို့ ဖားကန့်မြို့ခံတစ်ဦးက ပြောသည်။

ကျေးရွာအတွင်းရှိ အိမ်များကို ညှိနှိုင်းမှုသည် အိမ်တန်ကြေး အမြှင့်ဆုံး ကျပ်သိန်းတစ်ရာအထိသာ သတ်မှတ်ထားပြီး၊ ပြောင်းရွှေ့စရိတ်ကို A အဆင့်သည် ကျပ်သိန်း(၈၀) B အဆင့်သည် ကျပ်သိန်း(၆၀)နှင့် C အဆင့်သည် ကျပ်သိန်း(၄၀)သတ်မှတ်ထားကြောင်း၊ စပျစ်ခူးရွာနှင့် နှစ်မိုင်ခန့်အကွာ မျောက်ဖြူရွာအနီးတွင် မြေကွက်အစားပြန်ပေးမည်ဖြစ်ပြီး ပြန်ပေးမည့်မြေကွက် (၄၀×၆၀) တစ်ကွက်လျှင် ကာလတန်ကြေး ကျပ်သိန်း(၁၅၀) ကြိုတင်သတ်မှတ်ထားကြောင်း သိရသည်။

ဩဂုတ်လကုန်ခါနီးက သူတို့အစီအစဉ်စတာပေါ့၊ မြေတိုင်းတဲ့အဖွဲ့လာတယ်၊ အိမ်တန်ကြေးတိုင်းတဲ့ အဖွဲ့လာတယ်၊ အိမ်ဖျက်ပြီးပြောင်းရင် ကုန်ကျမယ့် ကုန်ကျစရိတ်ကို A,B,C ခွဲတဲ့အဖွဲ့လာတယ်၊ အဲ့ဒါပြီးမှ တစ်ရက်ခြားတစ်ခါ၊ နှစ်ရက်ခြားတစ်ခါ (၁၀)အိမ်တစ်ဖွဲ့၊ (၁၅)အိမ်တစ်ဖွဲ့ ခေါ်တွေ့တာ၊ တစ်ရွာလုံးမတွေ့ရသေးဘူး၊ တစ်ချို့အိမ်တွေကျန်သေးတယ်၊ တွေ့ပြီးသားအိမ်တွေလည်း အကုန်ပြေလည်မှု မရကြသေးဘူး၊ ခုထိတော့ညှိနှိုင်းဆဲပဲဟု စပျစ်ခူး ကျေးရွာသားတစ်ဦးက ပြောသည်။

ဖားကန့်မြို့နယ် ကျောက်စိမ်းလုပ်ကွက်တခုအား မြင်တွေ့ရစဉ်

ဉပမာအားဖြင့် ခြံဝန်းကျယ်အိမ်တစ်အိမ်ကို အိမ်တန်ဖိုး ကျပ်သိန်း(၈၀)သတ်မှတ်လျှင် ရွှေ့ပြောင်းစရိတ် B အဆင့်ဖြစ်ပါက ကျပ်သိန်း(၆၀)ရရှိမည်ဖြစ်ပြီး စုစုပေါင်း ကျပ်သိန်း(၁၄၀)လက်ဝယ်ရရှိကာ ပေ(၄၀×၆၀)မြေတစ်ကွက်ပေးမည်ဖြစ်ပြီးကြိုတင်သတ်မှတ်ထားသည့်မြေကွက်တန်ကြေး ကျပ်သိန်း(၁၅၀)ဖြစ်သည့်အတွက် အိမ်ပြောင်းရွှေ့သူက မြေကွက်တန်ဖိုးအပါ စုစုပေါင်း ကျပ်သိန်း(၂၉၀)ရရှိသည်ဟု စာရင်းထွက်မည်ဖြစ်သော်လည်း လက်ဝယ်တွင်မူ ကျပ်သိန်း(၁၄၀)သာ အမှန်တကယ်ရရှိမည်ဖြစ်သည်။

မြေကွက်ကျဉ်းသူများအား ပေ(၃၀×၅၀)မြေကွက်ပြန်လည်ပေးမည်ဖြစ်ပြီး ပေ(၁၀၀) ဝန်းကျင်မြေကွက်ကြီးရှိသူများကို ပေ(၄၀×၆၀)မြေကွက် နှစ်ကွက်အထိ ပြန်လည်ပေးမည်ဖြစ်ကြောင်း၊ မြေကွက်၏တန်ဖိုးကိုဘေးဖယ်ထားပါက အိမ်တစ်အိမ်လျှင် အမြှင့်ဆုံး ကျပ်သိန်း(၂၀၀)ဝန်းကျင်သာ ရရှိမည်ဖြစ်သည်။

တွေ့ဆုံညှိနှိုင်းသူများသည် အဖွဲ့အစည်းမှလူများဖြစ်ပြီး ရပ်မိ/ရပ်ဖများပါဝင်ကာ စပျစ်ခူးရွာနှင့်ကပ်လျက် ကုလားမှော်ရွာရှိ နေအိမ်တစ်အိမ်၌ တွေ့ဆုံကြောင်း၊ လက်ရှိ ဖားကန့် လုံးခင်းကျေးရွာအုပ်စု၊ ကုဋေမှော်နှင့် မှော်စီစာကျေးရွာတို့တွင် ကျောက်တူးဖော်ရန်အတွက် အိမ်ပိုင်ရှင်များထံမှ မြေဝယ်ယူလိုပါက တစ်ပေလျှင် တစ်သိန်းနှုန်းဖြင့် သိန်းထောင်ထပ်ပေးဝယ်ယူတူးဖော်ကြရသည်ဖြစ်ရာ ယခု စပျစ်ခူးရွာအနေဖြင့် ပမာဏအလွန်နည်းပါးနေကြောင်း စပျစ်ခူးမှ အိမ်ပိုင်ရှင်များကပြောသည်။

တိုးတိုးတိတ်တိတ်ပဲပြောရဲတာ၊ ဒီမှာက အိမ်တန်ကြေးနဲ့ပြောင်းရွှေ့စရိတ် ကြိုတင်သတ်မှတ်ထားတဲ့ မြေတန်ဖိုးအပါ သိန်းငါးရာလောက်တောင်းရင်ကို စာရင်းထဲကပယ်တယ်တဲ့၊ သိန်းသုံးရာပတ်ဝန်းကျင်ဆိုရင်တော့ အထက်ကိုပြန်တင်ပေးမယ်ဆိုပြီး မှတ်သွားတယ်၊ ဘယ်လိုလုပ်မလဲတော့မသိဘူး၊ ကြောက်တော့ ဘယ်သူမှလည်း မပြောရဲဘူးဟု ကျေးရွာသားတစ်ဦးက ဆိုသည်။

ဖားကန့်မြို့နယ် ကျောက်စိမ်းလုပ်ကွက်တခုအား မြင်တွေ့ရစဉ်

ကြိုက်ဈေးကြိုက်ဝယ်ပုံစံဖြင့် လွန်ခဲ့သည်တစ်လကျော်ခန့်က လောပန်းတစ်ဦးဝယ်ယူသဖြင့် အိမ်ခြေအလုံး (၂၀)ကျော် အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယခုအခါ မည်သူမျှ ကြိုက်ဈေးကြိုက်ဝယ်ပုံစံဖြင့် ဝယ်ယူရောင်းချခွင့်မပြုကြောင်း သိရသည်။

ဒီနေ့ပြောတာက ညှိနှိုင်းလို့မှ မဖယ်ရင် ဘက်ဟိုးနဲ့ကုပ်မယ်လို့ပြောတယ်၊ အိမ်ဆိုတာက ဖျက်ပြီးပြန်ဆောက်စရိတ်က အသစ်ဆောက်တာနဲ့မကွာဘူး၊ ဈေးတွေကလည်းကြီးတာနဲ့၊ ကိုယ်အထိုင်ကျနေတဲ့နေရာက အတင်းလည်းဖယ်ခိုင်းသေးတယ်၊ ဈေးလည်းနှိမ်သေးတယ်၊ ကြောက်လို့သာ ငြိမ်ခံနေရတာဟု ရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။

စပျစ်ခူးရွာ ဉက္ကဌ ဦးအောင်လင်းသည် လွန်ခဲ့သည့် တစ်လကျော်အကြာက အမည်မသိလက်နက်ကိုင် လူလေးဦးမှ ဖမ်းဆီးခေါ်ဆောင် ပစ်သတ်ခြင်းခံထားရသည်။

By Editor