Red News Agency

Independent Journalism for Justice and Human Rights.

လက်နက်ကြီး ၃၀၀ ကျော်ပစ်ခတ်ပြီး လက်ခက်တောင်ကို ထိုးစစ်ဆင်သော်လည်း စစ်ကောင်စီတပ် ဗိုလ်မှူးအပါအဝင် အကျအဆုံးများ

Written by

in

RNA_ဩဂုတ်(၁၇)၊၂၀၂၃ ခုနှစ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီး အကြိမ်ရေ ၃၀၀ ကျော်နှင့်လေယာဉ်ပစ်ကူများယူကာ ထိုးစစ်ဆင်ခဲ့သော်လည်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးတဦးအပါအဝင် အကျအဆုံးများကြောင်း သိရသည်။

KNLA နှင့် ပူးပေါင်းမဟာမိတ်များ စစ်ကောင်စီတပ် လက်ခတ်တောင်စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သည် စခန်းပြန်လည်ရရှိရေး ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၃ နာရီခန့်မှစတင်ကာ လက်နက်ကြီးအကြိမ်ရေ (၃၀၀)ကျော်၊ Jet Fighter ဖြင့် (၃)ကြိမ်၊ Mi-35(Attack-Helicopter) ဖြင့် (၃)ကြိမ် ပစ်ခတ်ခဲ့ကာ ထိုးစစ်ဆင်ခဲ့သော်လည်း စစ်ကောင်စီဘက်မှ အသေအဆုံးများခဲ့ကာ လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့သည်ဟု ဗိုလ်ဒါဘောဦးဆောင်သည့် Cobra Column – ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲအတွင်း ဗိုလ်မှူး(၁)ဦး၊ ဗိုလ်ကြီး(၁)ဦး အပါအဝင် စုစုပေါင်း (၁၅)ဦးသေဆုံးကာ (၂၁)ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ 60mm ကွန်မန်ဒိုပြောင်း (၁)လက်၊ MAsniper (၁)လက်၊ MA4 (၂)လက်၊ MA3 (၃)လက်၊ MA2 (၄)လက်၊ MA1 (၁)လက်၊ M16 (၁)လက်၊ MAကျည်ဘောက် (၅၃)ခု၊ MA2 ကျည်ဘောက်အဝိုင်း (၄)ခု၊ M16ကျည်ဘောက် (၂)ခု၊ 5.56ကပစကျည် (၅၂၀၀) တောင့်၊ 7.62NATOကျည် (၂၆၅၀)တောင့်၊ MAsniperကျည်ဘောက် (၁)ခု၊ 60mmဗုံးသီး (၃၆)လုံး၊ RPGဗုံးသီး (၉)လုံး၊ RPGပို့ယမ်း (၈)ခု၊ 40mmဗုံးသီး (၅၇)လုံး၊ ငါးကြင်းမြှီးပြောင်း (၂)ပြောင်း၊ ဆက်သွယ်ရေးစက် (၁)လုံးတို့အား သိမ်းဆည်းရမိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုအတွင်း ဆက်သွယ်ရေးတာဝါတိုင်နှင့် သာသနိက အဆောက်အဦများ ပျက်စီးခဲ့ကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် (၂) ဦးကျဆုံးခဲ့ရကြောင်း၊ ဩဂုတ်လ ၁၃ ရက်နေ့ကလည်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်မှ ဒုတပ်ကြပ် တစ်ဦးနှင့် တပ်သားတစ်ဦးတို့ 60 မမ ကွန်မန်ဒို စိန်ပြောင်းတစ်လက်၊ 60 မမ ဗုံးသီး ၅ လုံး ၊ MA 2 တစ်လက် ၊ ကျည်ဘောက်( ၆)ခု၊ ၅.၅၆ ကျည် (၆၀၀) တောင့် တို့နှင့်အတူ ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီအတွက် စစ်ရေးဗျူဟာအရ အရေးပါသည့် လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကို တပ်မဟာ (၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ ရောင်နီစသည့်ပူးပေါင်းတပ်ဖွဲ့များမှ ဇူလိုင် ၂၁ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ ပြန်လည်ရယူရန်ကြိုးစားနေသော်လည်း ဩဂုတ်လ ၁၇ ရက်နေ့အထိ တောင်ခြေမကပ်နိုင်သေးကြောင်း ကော်ဘရာစစ်ကြောင်း၏ ထုတ်ပြန်ချက်များအရ သိရသည်။

#RedNewsAgency