NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုဝေလင်းအောင် ထောင်ဒဏ် ၃၈ နှစ်ချမှတ်ခံရ

RNA_ဇူလိုင်(၂၇)၊၂၀၂၃ ခုနှစ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLD ပါတီမှ ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုဝေလင်းအောင်ကို အာဏာသိမ်းစစ်ကောင်စီက ထောင်ဒဏ် ၃၈ နှစ် ချမှတ်ထားကြောင်း သိရသည်။

မြောင်းမြထောင်တွင် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့် ကိုဝေလင်းအောင်ကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ပုဒ်မ ၅၀ ညဖြင့် CDM ထောက်ပံ့သည့်အတွက် မြောင်းမြအကျဉ်းထောင် သီးသန့်တရားရုံးက ထောင်ဒဏ် (၁၀) နှစ်၊ ဧပြီလ ၄ ရက်နေ့က ၅၀၅ က ဖြင့် ထောင်ဒဏ် (၂) နှစ် ချမှတ်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က မြဝတီမြို့နယ်တရားရုံးက ၅၂ က ဖြင့် ထောင်ဒဏ် ၄ နှစ်၊ ၅၀ က ဖြင့်ထောင်ဒဏ် ၁၁ နှစ်၊ ၅၀ ည ဖြင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့သည့်အတွက် စုစုပေါင်းထောင်ဒဏ် ၃၈ နှစ် ချမှတ်ခံထားရသည်ဟု သိရသည်။

မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုဝေလင်းအောင်ကို ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့က စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရခြင်းဖြစ်သည်။

#RedNewsAgency

By Editor