ပြန်ပေးဆွဲခံရသည့် ဖားကန့်မြို့မိ/မြို့ဖ တစ်ဦး တစ်ပတ်ကြာသည်အထိ ပြန်မလွတ်သေး

RNA_ဖားကန့်၊ဇွန် ၂၀ ရက်၊၂၀၂၃ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှ မြို့မကဖေးဆိုင်ပိုင်ရှင် မြို့မိ/မြို့ဖ မြို့မျက်နှာဖုံးဖြစ်သည့် ဦးသိန်းလွင်သည် ဇွန် ၁၃ ရက်နေ့ ညနေပိုင်းက ဆံပင်ညှပ်သွားရင်း ပြန်ပေးဆွဲခံရသည့်မှာ ယနေ့အထိ (ရက်သတ္တတစ်ပတ်ကြာသည်အထိ)ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

ဇွန် ၁၃ ရက်ည ၈ နာရီခွဲခန့်က ပြန်ပေးဆွဲခံရသည့် ဦးသိန်းလွင်၏ အသံဖြင့် သားဖြစ်သူအား ငွေကျပ်သိန်းသုံးရာ၊ ရွှေတစ်ဆယ်သားဖြင့် ပြန်‌ရွေးရမည်ဟု ဖုန်းဆက်အကြောင်းကြားသည့်အတွက် သားဖြစ်သူက အဆိုပါ ရွှေနှင့်ငွေ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ခြောက်ရာကျော်ဖြင့် လာပို့ခိုင်းသည့်နေရာ ယူမာကျေးရွာရှိ လမ်းခွတစ်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

တောင်းဆိုသည့် ပြန်ပေးငွေများ ပေးခဲ့သော်လည်း ယနေ့ ရက်သတ္တတစ်ပတ်ကြာသည်အထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း၊ ဦးသိန်းလွင်အား ဖမ်းဆီးထားသူများဟုတ်/မဟုတ် မသိရသော်လည်း ငွေထပ်မံတောင်းဆိုသည့်ဖုန်းများလက်ခံရရှိကြောင်း သိရသည်။

ဖားကန့်မှ KIA အသိုင်းအဝန်းနှင့် နီးစပ်သူများအဆိုအရ “KIA ကဖမ်းရင် ပြန်ပေးမတောင်းဘူး၊ ငွေမတောင်းဘူး၊ ခင်ဗျားတို့လည်း သိနေတာပဲ KIA ဆိုတာ အဖွဲ့အစည်းဂုဏ်သိက္ခာရှိတယ်” ဟု ဒေသခံတဦးက ပြောသည်။

မြို့မိ/မြို့ဖတစ်ဦးဖြစ်သည့် ဦးသိန်းလွင်သည် ယခင်က ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ပြီး စစ်တပ်နှင့် လက်ပွန်း တတီးရှိနေသည့် ထေရဝါဒမြို့နယ်သံဃာ့နာယက ဘုန်းကြီးများအဆိုအရ စစ်တပ်ကဖမ်းဆီးခြင်းမဟုတ်ကြောင်း အခိုင်အမာ ပြောဆိုမှုများလည်း ရှိသည်။

ဖားကန့်၌ မြန်မာ့နွေဦးတော်လှန်ရေးနှင့်အတူ ပေါက်ဖွားလာသည့် PDF အဖွဲ့သည်လည်း ဂုဏ်သိက္ခာပွန်းပဲ့စေသည့် ပြန်ပေးဆွဲငွေညစ်သည့်အလုပ် မလုပ်ဟု ဒေသခံများက ယုံကြည်ကြောင်း၊ ပျူစောထီးအမည်ခံပြီး ဖားကန့်၌ ငွေတောင်း ခြိမ်းခြောက်မှုများ ယခုရက်ပိုင်း ရှိနေကြောင်း သိရသည်။

ယခုပြန်ပေးဆွဲ ငွေညစ်နေသည့် လူတစ်စုသည် အဘယ်ကြောင့် ယခုကဲ့သို့ ပြုမူသည်ကို မသိရှိရသေးသော်လည်း ဒေသခံများအဆိုအရ စစ်တပ်က မွေးထုတ်ထားသည့် ပျူစောထီးအဖွဲ့များ ဖြစ်နိုင်ကြောင်း၊ ဖားကန့်၌ မူးယစ်ဆေးဝါး စွဲနေသူများအား မည်သည့်အလုပ်မဆို အခကြေးငွေပေးစေခိုင်း၍ ရနေသည့် အခြေအနေများလည်း ရှိနေပြန်သည်။

ဖားကန့်၌ ယခုတစ်လအတွင်း၌ပင် မည်သည့်လက်နက်ကိုင်အာဏာပိုင်အဖွဲ့အစည်းမှ ဖော်ထုတ်နိုင်ခြင်းမရှိသည့် ဆိပ်မူကျေးရွာရှိ တရုတ်သူဌေးအိမ် ဓါးပြမှုနှင့် သံယောဇဉ်နန်းတော်တည်းခိုခန်းပိုင်ရှင် ဓါးပြတိုက်ခံရပြီးအသတ်ခံရမှု၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာရှိ နေအိမ်တစ်ခုအတွင်း ဓါးပြမှုတို့ဖြစ်ပွားခဲ့သည်။

#RedNewsAgency

By Editor