သေမင်းတမန်ပြောက်ကြား တပ်ဖွဲ့ (Salingyi)၏ ခေါင်းဆောင် ကိုဗန့်ကျီ (ခ)ကိုမြတ်သူလင်း ဖမ်းဆီးခံရပြီး ကျဆုံး

RNA_ဇွန်(၁၃)၊၂၀၂၃ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အခြေစိုက် သေမင်းတမန်ပြောက်ကြားတပ်ဖွဲ့ (Salingyi) ၏ ခေါင်းဆောင်၊ မြို့နယ် ပ.အ.ဖ အဖွဲ့ဝင် ကိုဗန့်ကျီ (ခ)ကိုမြတ်သူလင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီး ကျဆုံးသွားကြောင်း သိရသည်။

ကိုဗန့်ကျီ (ခ) ကိုမြတ်သူလင်းသည် ဝမ်ပေါင်ကုမ္ပဏီမှာ စခန်းချထားသည့်စစ်ကောင်စီတပ်စခန်းသို့ ရိက္ခာပို့စစ်ကြောင်း ကင်းထောက်စဉ် ဇွန်လ ၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး လူမဆန်စွာ နှိပ်စက်သတ်ဖြတ်ထားသည့် ရုပ်အလောင်းကို ဇွန်လ ၁၁ ရက်နေ့တွင် ထန်းတောရွာ သစ်ကွင်းအနီးတွင် တွေ့ရှိခဲ့သည့်အတွက် ယမန်နေ့က မီးသင်္ဂြိုလ်ခဲ့ကြောင်း၊ သိရသည်။

“ ယခုလို ဆုံးရှုံးမှုကို မိသားစုနှင့်ထပ်တူ ကျွန်ုပ်တို့ သေမင်းတမန်ပြောက်ကြားတပ်ဖွဲ့ ရဲဘော်များမှများစွာ ဝမ်းနည်းကျေကွဲရကာ မိသားစုအတွက်၊ ပြည်သူအတွက်၊ ကျွန်ုပ်တို့ သေမင်းတမန် ရဲဘော်များနှင့် အခြားတော်လှန်ရေး အင်အားစုများ အတွက်စကားလုံးနှင့် ဖော်မပြနိုင်သော ဆုံးရှုံးမှု ဖြစ်ခဲ့ပါသည် ” ဟု သေမင်းတမန်ပြောက်ကြား တပ်ဖွဲ့ (Salingyi) ရဲဘော်များက ထုတ်ပြန်ပြောကြားထားသည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် ညောင်ပင်ကြီးတဝိုက်ရှိ ကျေးရွာများမှနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ သေမင်းတမန်ပြောက်ကြား တပ်ဖွဲ့ (Salingyi) ခေါင်းဆောင် ကိုဗန့်ကျီ အလောင်းသွားကောက်စဥ် စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းနင်းမိသည့်အတွက် ရဲဘော်တဦးခြေထောက်မိုင်းထိခဲ့ကြောင်း၊ စစ်ကောင်စီတပ်စစ်ကြောင်းထိုးစဉ်အတွင်း စစ်ဘေးရှောင် သက်ကြီးရွယ်အိုနှစ်ဦး သေဆုံးခဲ့ရကြောင်း ဒေသခံထံမှ သိရသည်။

ကိုဗန်ကျီသည် တော်လှန်ရေးကို အသက်နှင့်ရင်း၍ ဖက်တွယ်ခဲ့သည့် အတွက် ကျန်ရစ်သည့် သေမင်းတမန် ပြောက်ကြားတပ်ဖွဲ့ ရဲဘော်များမှ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ အရိုးကျေကျေ အရေခမ်းခမ်း ဆက်လက်တိုက်ပွဲဝင်သွားပါမည် ကတိသစ္စာပြုထားသည်။

#RedNewsAgency

By Editor