ဒီးမော့ဆိုမြို့နယ် (၉) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် (၄၀) နီးပါးသေ 

RNA_မေ(၂၄)၊၂၀၂၃ ခုနှစ်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာတောင်ပေါ်မှ ဒေါလျားခူ ကျေးရွာ တောင်ပေါ်ဖက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် KNDF နှင့် မဟာမိတ်တပ်ဖွဲ့များအကြား (၉) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီး တစ်ဦးအပါအဝင် (၄၀) နီးပါးသေဆုံးကြောင်း သိရသည်။

“စစ်ကောင်စီဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူ(၁)ဦး၊ဗိုလ်အဆင့်ရှိသူ(၂)ဦး အပါအဝင် စစ်ကောင်စီတပ်သား (၄၀)နီးပါး သေဆုံးခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူလည်းများပြားခဲ့ပါသည်” ဟု KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မေလ (၁၄)ရက်နေ့မှစ၍ ကရင်နီပူးပေါင်းတပ်များမှ ဒေါလျားခူကျေးရွာ၏ အရှေ့ဖက်တောင်ပေါ်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ ခမရ(၄၂၅)၊ ခမရ(၅၁၇)၊ ခလရ(၂၈၇) တပ်ရင်းများအား မေလ(၁၄)ရက်နေ့မှစ၍ ကရင်နီတပ်မတော်(KA)၊ KNDF စစ်ဗျူဟာအမှတ်(၆)၊ KNDF စစ်ဗျူ ဟာအမှတ်(၄)၊ KNDF-ETD၊ KNDF-UAV နှင့် Loikaw PDF တို့ ပူးပေါင်း၍ တန်ပြန်ထိုးစစ်ဆင်ကာ မေလ(၂၃)ရက်နေ့ အထိ ချေမှုန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် တပ်ရင်းမှူးနှင့် ယာယီတပ်ရင်းမှူးတစ်ဦးတို့သည် တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာများဖြင့် အနောက်သို့ပြန်ပြေး၍ ဆုတ်ခွာလာကြသော တပ်ဖွဲ့ဝင်များအား လုံးဝဆုတ်ခွာခွင့်မပေးဘဲ ရှေ့သို့အတင်းအကြပ်တက်ခိုင်း၍ လူသားမဆန်သော အမိန့်အာဏာများအား အနောက်မှနေ၍ အမိန့်ပေးစေခိုင်းပြီး မြေပြင်တိုက်ပွဲများအတွင်း ငယ်သားဗိုလ် နှင့် တပ်သားများအား အသေခံခိုင်းနေသည့် အခြေအနေများကို စစ်ကောင်စီ၏ သက်ဆိုင်ရာ နောက်တန်းတပ်မိသားစုများအား သိရှိစေရန် ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားထားသည်။

စစ်ကောင်စီမှ အထိနာကာ အထိအခိုက်များစွာဖြင့် တနီးလာလဲကျေးရွာ၏ အရှေ့ဖက် တောင်ကြောပေါ်သို့ တဖြည်းဖြည်းဆုတ်ခွာခဲ့သော်လည်း KNDF ပူးပေါင်းတပ်ဖွဲ့များမှ လိုက်လံတိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း၊ (၉)ရက်တာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်များထံမှ MA-1 (၈)လက်၊ MA-2 (၁)လက်၊ MA-3 (၃)လက်၊ MA-4 (၁)လက်၊ 9mm Pistol (၁) လက်၊ RPG (၂)လက်နှင့် ဆက်စပ်ခဲယမ်းမီးကျောက်များ၊ ဆက်သွယ်ရေးပစ္စည်းများနှင့် စစ်အသုံးအဆောင်အမြောက်အများ သိမ်းစည်းရရှိခဲ့ပြီး ရန်သူသုံ့ပန်း (၂)ဦး အားအရှင်ဖမ်းဆီးနိုင်ခဲ့ပါသည်ဟု ထုတ်ပြန်ထားသည်။

ဒေါလျားခူ၊ တနီးလာလဲ ကျေးရွာများ၏ တောင်ပေါ်တိုက်ပွဲများအတွင်း KNDF/B01 မှရဲဘော်(၁)ဦး၊ KNDF/B07 မှ ရဲဘော်(၂)ဦး၊ KNDF/B09 မှ ရဲဘော်(၃)ဦး၊ KNDF/B10 မှ ရဲဘော်(၁)ဦးနှင့် ကရင်နီတပ်မတော်(KA) မှ ရဲဘော်(၁)ဦးမြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း၊ စစ်ကောင်စီတပ် အထိုင်စခန်းများမှ လက်နက်ကြီးများ၊ ‌လေကြောင်းပစ်ကူများစွာ အသုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

#RedNewsAgency

By Editor