ကော်သူးလေအုပ်ချုပ်နယ်မြေ၌ ၄ လအတွင်း တပ်ရင်းမှူး (၄) ဦး၊ ဒုတပ်ရင်းမှူး (၅) ဦးပါအဝင် (၁၇၃၆) ဦးသေဆုံးခဲ့ဟု KNU ဗဟိုထုတ်ပြန်

RNA_မေ(၁၁)၊၂၀၂၃ ခုနှစ်။
 
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ စစ်ကောင်စီတပ်နှင့် ၎င်းတို့၏လက်အောက်ခံ နယ်ခြားစောင့်တပ် (B.G.F)တို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ မှ ဧပြီလအထိ (၄) လအတွင်း တိုက်ပွဲ (၁၆၄၂) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့်လက်အောက်ခံ တပ်ရင်းမှူး (၄)ဦး၊ ဒုတပ်ရင်းမှူး (၅) ဦးအပါအဝင် (၁၇၃၆) ဦးသေဆုံးကာ KNLA၊ KNDOနှင့် မဟာမိတ်များတို့မှ (၅၉) ဦးကျဆုံးခဲ့ရကြောင်း KNU ဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (ဗဟို)၌ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က (၇၄) နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနား မြင်ကွင်း။
 
ကော်သူးလေအုပ်ချုပ်နယ်မြေ၌ ၄ လတာအတွင်းနှင့် ပတ်သက်ပြီး KNU ဗဟို၏ ထုတ်ပြန်ချက်တွင် “နေ့စဉ်နေ့တိုင်း တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၁၆၄၂) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (B.G.F) များ ဘက်မှ (၁၇၃၆) ဦးသေဆုံးခဲ့ပြီး (၁၁၈၈) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ (၄)လတာ တိုက်ပွဲများ အတွင်းအာဏာသိမ်းအကြမ်း ဖက်စစ်ကောင်စီတပ်၏ တပ်ရင်းမှူး (၄) ဦး၊ ဒု−တပ်ရင်းမှူး (၅) ဦးသေဆုံးခဲ့သည်။ (၄) လတာ တိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့ဘက်မှ တိုင်းပြည်နှင့်လူမျိုးအတွက် (၅၉) ဦးအသက်ပေးလှူခဲ့ရပြီး (၁၉၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်” ဟု ဖော်ပြထားသည်။

မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှစပြီး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ယနေ့အချိန်အထိ စစ်ကောင်စီတပ်များ ၎င်းတို့၏ လက်အောက်ခံ နယ်ခြားစောင့်တပ်များသည် စစ်ရေးလှုပ်ရှားမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ တနေ့တခြားပိုမိုတိုးမြင့်လုပ်ဆောင်လာခြင်းကြောင့် ပြည်သူလုထု (၄) သိန်းကျော်မှာ ကြောက်ရွံ့စွာဖြင့် အသက်ရှင်နေထိုင်နေကြရပြီး အသက်ဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ ပြည်သူလူထု (၁) သိန်းကျော်၏ လုပ်ကိုင်စားသောက်သော လုပ်ငန်းခွင်များ ပျက်စီးခဲ့ရပြီး ပြည်သူလူထု အမြောက်အများမှာ စားဝတ်နေရေးနှင့် ပါတ်သက်သော အခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်ဟု ထုတ်ပြန်ထားသည်။

 

#RedNewsAgency
By Editor