ခင်ဦးမှာ စစ်ကြောင်းထိုးလာသည့်အတွက် တိုက်ပွဲဖြစ် PDF (၅) ဦးကျ၊ ဒေသခံပြည်သူ (၅) ဦးဖမ်းဆီးခံရ

RNA_ဧပြီ(၁၉)၊၂၀၂၃ ခုနှစ်။
 
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ခင်ဦး-မုံရွာရထားသံလမ်းဘေးရှိ မြကန်ကျေးရွာအတွင်းသို့ ယနေ့ နံနက် (၆) နာရီဝန်းကျင်က စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် တိုက်ပွဲဖြစ်ပွားပြီး PDF ရဲဘော် (၅) ဦးကျဆုံးပြီး၊ ပြည်သူ (၅) ဦးဖမ်းဆီးခံရကာ ဒေသခံ ပြည်သူ အများအပြား စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။
 
“မြကန်ကျေးရွာအတွင်းသို့ လက်နက်ကြီးငယ် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ဒေသခံကာကွယ်ရေးများနှင့် အပြန် အလှန်ပစ်ခတ်မှုဖြစ်ခဲ့ကာ မိုင်းခွဲ၍ ပြန်အဆုတ်တွင် ပိတ်မိကာ ကာကွယ်ရေးရဲဘော်များဖြစ်သော ( ၁) ရဲဘော်တရုတ်ကြီး(၂)ရဲဘော်မိုးဟိန်း(၃)ရဲဘောဖိုးကျော် (၄) ရဲဘော်ကိုနောင် (၅) ရဲဘော်ကျော်နိုင်တို့ ကျဆုံးခဲ့ရသလို ဒေသခံ အမျိုးသားပြည်သူ (၅) ဦး ဖမ်းဆီးခံရပြီး ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်” ဟု ခင်ဦးမြို့နယ် သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ရေဦးမြို့ တိုင်းရင်းဆေးရုံသို့ အခြေချရောက်ရှိနေသော အကြမ်းထက်စကစတပ်သား အင်အား(၁၀၀)ကျော် စစ်ကြောင်းထိုးလှည့်လည်နေမှုကြောင့် အင်းပတ်ကျေးရွာ၊ မြကန်ကျေးရွာ၊ ကုန်းသာကျေးရွာ၊ မရမ်းအင်းကျေးရွာ၊ ချမ်းသာကုန်းကျေးရွာ၊ ညောင်ပင်ခြံကျေးရွာ၊ ဆည်ကြီးကျေးရွာ၊ သဲကုန်းကြီးကျေးရွာ၊ မုံတောရွာ၊ ဒါန်းကုန်းရွာ၊ အောင်သာရွာ၊အင်းပေါက်ရွာ၊ ကျွန်းဆွယ်ရွာ၊ ကျွန်းလယ်ရွာ၊ သိမ်တော်ရွာ၊ ကြာပင်အိုင်ရွာတို့မှ ဒေသခံပြည်သူ (၂) သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။
 
#RedNewsAgency
By Editor