ကြမ်းဖက်ဖြိုခွင်းခံရမှုအတွင်း ကိုယ်အင်္ဂါချို့ယွင်းခဲ့ရသည့် ကိုလျှံဖြိုးအောင် ထောင်မှပြန်လွတ်

RNA_ဧပြီ(၇)၊၂၀၂၃ ခုနှစ်။

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ငြိမ်းချမ်းစွာဆန္ဒပြစဉ် အကြမ်းဖက်ဖြိုခွင်းခံရမှုအတွင်း ကိုယ်အင်္ဂါ ချို့ယွင်းခဲ့ရသည့် မကွေး နည်းပညာတက္ကသိုလ်၊ မြို့ပြ အင်ဂျင်နီယာဘာသာရပ်၊ ဒုတိယနှစ်ကျောင်းသား ကိုလျှံဖြိုးအောင် ယနေ့ မကွေးထောင်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန္ဒပြစဉ်အကြမ်းဖက် ဖြိုခွင်းမှုအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် (၁၀၀) ဝန်းကျင်အထိ သေဆုံးခဲ့ရသည့် ၂၀၂၁ ခုနှစ် မတ် ၂၇ ရက်က မကွေးမြို့တွင် ကိုလျံဖြိုးအောင် ဒဏ်ရာရရှိကာ မျက်လုံးတဖက်နှင့် ညာဘက်လက် ဆုံးရှုံးခဲ့ရပြီး ခြေထောက်တွင်လည်း ဒဏ်ရာများ ရရှိခဲ့သည်။

စစ်ကောင်စီတပ်၏ ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့ အကြမ်းဖက်ဖြိုခွင်းမှုအတွင်း ငြိမ်းချမ်းစွာဆန္ဒပြစဉ် မျက်လုံးတဖက်နှင့် လက်တဖက် ဆုံးရှုံးပြီး ဆေးကုသမှုခံယူနေစဉ် စစ်ကောင်စီတပ်လက်အောက်ခံ တရားရုံးမှ ၂၀၂၁ ခုနှစ် ဧပြီလအတွင်း ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် (၃) နှစ်ချပြီး မကွေးအကျဉ်းထောင်၌ ချုပ်နှောင်ခံခဲ့ရပြီး ယနေ့ ၂၀၂၃ ခုနှစ် ဧပြီလ (၇) ရက်နေ့တွင် လွတ်မြောက်လာခြင်း ဖြစ်သည်။

#RedNewsAgency

By Editor