ကပစ (၁၄) ယမ်းသန့်စင်စက်ရုံ တိုက်ခိုက်ခံရပြီး (၆) လခန့် ရပ်နားရနိုင်

RNA_ဖေဖော်ဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။

မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက်၊ စစ်ကောင်စီတပ် အမှတ် (၁၄) စစ်လက်နက်ပစ္စည်း ထုတ်လုပ်သည့် (အဆင့်မြင့်ယမ်းသန့်စင်)စက်ရုံ တိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုများကြောင့် (၆) လခန့် ရပ်နားရနိုင်ကြောင်း People’s Revolution Alliance မှ ယနေ့ထုတ်ပြန်ထားသည်။

ငဖဲမြို့နယ်အခြေစိုက် အမှတ် (၁၄) စစ်လက်နက် ပစ္စည်း (ယမ်းသန့်စင်) ထုတ်လုပ်သည့်စက်ရုံကို ပစ်မှတ်ထားပြီး ဗျူဟာမြောက် ပစ်မှတ်များ ခြေမှုန်းခြင်းစစ်ဆင်ရေးအဖြစ် ၁၀၇ မမရှော့တိုက်ဒုံး၊ RPG 7 တို့အသုံးပြုပြီး People’s Revolution Alliance ( PRA – Magway) တပ်ဖွဲ့မှ ဖေဖော်ဝါရီလ (၉) ရက်နေ့က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၁၉၉၆ ခုနှစ်တွင် ကျပ်သိန်း ၂၄၀၀ ကျော် အကုန် အကျခံကာ ရုရှားနိုင်ငံထုတ် စက်သစ်ကြီးများဖြင့် လည်ပတ်ခဲ့သည့် အဆင့်မြင့်ယမ်းသန့်စင်စက်ရုံ အမှတ် (၁၄) ကပစသည် အချက်အခြာ ယန္တရားတခုဖြစ်သည့် ၆၀ မမ ဗုံးသီးနှင့် ၅.၅၆ ကျည်ထုတ်လုပ်မှုကို အထောက်အကူပြုနေသည့် စက်ရုံဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency

By Editor