စာပြင်စာတည်း၏ မှတ်စုများ( ၂)

မြန်မာစာပေ၌ ကျွန်တော်တို့တစ်တွေ အသေအချာမသိသေးသော အကြောင်းအရာပေါင်း မြောက်မြားစွာ ရှိ၏။ တချို့က သိချင်စိတ်ရှိပြီး သိခွင့်မသာ၍ မသိကြခြင်း ဖြစ်၏၊တချို့ကတော့ သိခွင့်သာပါလျက်နှင့် သိချင်စိတ်မရှိသောကြောင့် မသိကြခြင်း ဖြစ်သည်။ ခင်ဗျားဘာသာ ဘာဖြစ်ဖြစ် ခင်ဗျားသိချင်မသိချင်တာ ခင်ဗျားကိစ္စဖြစ်၏။ ကျွန်တော့်ကိစ္စကတော့ စာပြင်ရင်း တွေ့လေသမျှ တွေ့ရှိချက်ကလေးများကို စုစည်းတင်ပြလိုက်ပါသည်။ စကားတစ်လုံး စာတစ်ကြောင်းက ဘဝကောင်းအောင်၊ ဘဝဆိုးအောင် ပြောင်းလဲပေးနိုင်စွမ်းရှိ၏။ ထိုနှလုံးသွင်းဖြင့် မေတ္တာမူပါသည်။ လိုသော်ယူကြ အသုံးချနိုင်ကြပါစေသတည်း။

အောင်မှူးဝေ

အဖော်မွန် ” ကောင်းတဲ့နေရာငြိမ်းချမ်းရာကိုသွားတဲ့အခါ မင်းရဲ့ယုံကြည်ချက်ဟာ မင်းရဲ့သူငယ်ချင်းအဖော်မွန်ပါပဲ” မြတ်ဗုဒ္ဓဒေဝ တာ သံ ယုတ်
ဝိပဿနာ ဝိပဿနာဆိုတာခန္ဓာမှာမဖြစ်ဘူးဉာဏ်မှာဖြစ်တာ ။ သစ္စာဒီပက ဦးကြည်

စံပယ်ဆီ သည်းတွင်းလှိုက်လာမီးပုံချာကိုဝင်ကာဆင်းသော်ကြော့ရှင်းငယ်မှကေသာစံပယ်ဆီနှင့်နှင်းဆီကြိုင်ဆုံးနန်းသူထုံးသည်ဆံထုံးဇာပေါက်ကြော့ယဥ်ညှောက်ကိုနောက်ကနွှဲလို့ဆွဲကြရာတွင်…နှမတော်တောင်ကြီးရှင်နတ်သံ…မှ တစ်ယောက်ကို တစ်ယောက်..
အညမည ဂါရဝတာအချင်းချင်းရိုသေလေးစားမှုရှိရမယ်။ ဒါမှ တိုးတက်မှုရှိတယ်။

မြတ်ဗုဒ္ဓ
နွားကဗျာဆရာ
ဗန္ဓလက္ခဏာ၊ မညီပါမူ၊ထိုကဗျာပင်၊ ကဗျာ့ရှင်ကို၊ နွားသွင်မုချ၊ ထင်စွာပြ၏၊
မန်လည်ဆရာတော်၊ မဃဒေဝ

နှုတ်မင်္ဂလာ နှုတ်မင်္ဂလာစကားမှာကားအသာအချိုသူနာလိုအောင်မိန့်ဆိုခြင်းလျှင်တန်ဆာဆင်၏။ စိန္တကျော်သူ ဦးဩဩဝါဒ​ထူးပျို့၊ ပိုဒ်ရေ- ၂၉

ကိုးကွယ်ရာ
ထို ပြင်ပ ကိုးကွယ်ရာကို ဘုရားဟူ၍ဖြစ်စေ၊ဗြဟ္မာဟူ၍ဖြစ်စေ၊နတ်ဟူ၍ဖြစ်စေ သူတို့ကခေါ်ဝေါ်ကြ၏။အမှန်အားဖြင့် ထိုခေတ်ကလူတို့သည် တကယ်တမ်းကိုးကွယ်ရာဟူသည် မိမိသာဖြစ်၏။မိမိမှတစ်ပါးဖြစ်သော ပြင်ပအားကိုးရာဟူသည် မရှိဟူ၍မသိကြ။မြတ်စွာဘုရား ပွင့်တော်မူသောအခါ` အတ္တာဟိ အတ္တနော နာထော´ ကိုးကွယ်ရာဟူသည်မိမိပင်ဖြစ်၏။မိမိမှတစ်ပါး ပြင်ပအားကိုးရာမည်သည်မရှိဟူ၍ ဘဝအမြင်သစ်ကို ဖော်ထုတ်တော်မူခဲ့ပါ၏။
ဦးရွှေအောင်ဘဝအမြင်သစ်…မှ

အန္ဓသဘော
သူကန်းတိုင်းသူကန်းတိုင်းသည် ရိုးသားစွာ ယုံကြည်ယူဆကြခြင်းဖြစ်ပြီး သူတို့၏အမှန်တရားသည် သူတို့ကိုယ်ပိုင်အတွေ့အကြုံပေါ်၌တည်ရှိနေပြီးလျှင် ဂိုဏ်းဂဏများ အုပ်စုများကိုတည်ဆောက်ကြသည်။ ပေါလ်ကေရပ်

ဘာသာတရား
ဘာသာတရား၏ အနက်အဓိပ္ပါယ်သည် မေတ္တာကရုဏာဖြစ်သည်။ လူသားများအပေါ် မေတ္တာကရုဏာထားခြင်းဖြစ်သည်။သက်ရှိသတ္တဝါများအပေါ် မေတ္တာကရုဏာထားခြင်းဖြစ်သည်။ပါရဂူ၏ဘာသာတရား…မှ

အမြဲလန်းဖို့
လူ့ဘဝ၌ လေးနက်သော၊မှန်ကန်သော၊ထာဝရတည်တံ့သော စိတ်ရွှင်လန်းချမ်းမြေ့မှုမျိုး မည်သည့်အခါ၌ ရသနည်း။သူတစ်ပါးတို့၏ စိတ်ရွှင်လန်းချမ်းမြေ့မှုအတွက် ပြုလုပ်ဆောင်ရွက်သောအခါ၌ ရရှိသည်။သူတစ်ပါးတို့ကို စိတ်ရွှင်လန်းချမ်းမြေ့အောင်ပြုလုပ်သူသည် မည်သည့်အခါမျှ စိတ်ဆင်းရဲခြင်း မဖြစ်ရပေ။သူတစ်ပါးတို့၏ စိတ်ရွှင်လန်းချမ်းမြေ့မှုအတွက် အသက်ရှင်သန်နေသောသူသည် အခါခပ်သိမ်းရွှင်လန်းချမ်းမြေ့စွာနေရသည်။ ပါရဂူ၏ လူ့ဘဝ…မှ

သူရဲကောင်း
စိတ်ကောင်းရှိသူများသည် မိမိ၏အမှားကို ဝန်ခံဖို့ဝန်မလေးကြပေ။အမှားကိုဝန်ခံလျှင် စိတ်နှလုံးပေါ့ပါးသွားပြီး ပြုပြင်မှုဖြစ်ပေါ်လာသည်။အမှားကိုဝန်ခံလျက် မှားသောလမ်းတွင်ဆက်မလျှောက်ဘဲ မမှားအောင်နေခြင်းသည် သူရဲကောင်းတို့၏ အလုပ်ဖြစ်သည်။
ပါရဂူ၏ လူ့ဘဝ…မှ

ရှင်မလား သေမလား
အခက်အခဲကို အကြောင်းပြလျက် လက်ပိုက်ထိုင်နေသူများသည် ရုန်းကန်မှုအပြည့်ရှိနေသော ဤကမ္ဘာလောက၌ အသက်ရှင်နေခွင့် မရှိသင့်ပေ။ ပါရဂူ၏သန္တိနှင့်သုခ…မှ

ကူးစက်တတ်သောကပ်ရောဂါ
တခြားလူတစ်ယောက်ယောက်၏ မကောင်းသောအလုပ်နှင့်ပတ်သက်ပြီး ဆွေးနွေးပြောကြားခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်သည်။အဆိုးကို မကြည့်ချင်ပါနှင့်။အဆိုးကိုနားမထောင်ချင်ပါနှင့်။သူတစ်ပါး၏ ဒုစရိုက်အလုပ်ကို စိတ်ဝင်စားလျှင် ဒုစရိုက်အလုပ်၏အရှိန်အဝါသည် မိမိ၏စိတ်နှလုံးအတွင်း ကူးစက်ဝင်ရောက်လာပြီး မိမိ၏ အတွင်းသန္တာန်ထဲက အကောင်းကိုဖယ်ထုတ်ပစ်တတ်သည်။ ပါရဂူ၏ ရှေ့သို့…မ

အလွယ်မဆဲပါနဲ့
မိမိတို့ ယနေ့ဆဲရေးတိုင်းထွာနေသူသည် မနက်ဖြန်မိမိတို့အတွက် လိုအပ်သူဖြစ်လာနိုင်သည်။မိမိတို့၏အသက်ကို ကာကွယ်စောင့်ရှောက်သူ ဖြစ်လာနိုင်သည်။ ပါရဂူ၏ ရှေ့သို့…မှ

သနားရက်သာ ဖြင်တော့သည်
ချစ်ပိုင်ဆက်ရာ၊လက်ဆောင်လျာမူ၊သက်သာဖြစ်သင့်၊ပေးထိုက်တင့်ဟု၊ကြိုးခွင့်လျှောက်မည်၊ကြံချင်သည်လည်း၊ဝိုက်လည်ခယ၊ဘယ်သူသ၍၊လှမျာ့းစံကျွန်း၊မိန့်တော်ပန်းကို၊မြဝန်းရစ်သီ၊မဆင်မီဝယ်၊ချစ်ဆီတည့်လျော်၊ကြားရသော်မှ၊လွမ်းပျော်ကြွေလွတ်၊ပြေတို့တတ်၏၊ပြတ်ပြတ်*ဟရည်၊မသိသည်နှင့်၊နွေလည်ရာသီ၊ပွင့်ပြိုင်ညီက၊နာရီပါဒ်ဝက်၊လျှပ်တစ်ပြက်မျှ၊စုံမက်ဆပွား၊ချန်မထားသည်၊  ၊သနားရက်သာ *ဖြင်တော့သည်။  ။

*ဟရည်= မြွက်သောစကား*ဖြင်     = များသည်( ပေါရာဏ) နတ်သျှင်နောင်
ရွှေသမင်တောင်တန်း သာချင်း ဆန်း
ကျွန်တော့်နယ်သည် မြန်မာစာပေဂန္ထဝင်၌လည်း နေရာအသင့်အတင့်ရသည်ဟု ဂန္ထဝင်စာပေကြီးများ ဖတ်ရှုရင်း သိရ၏။ငယ်ငယ်တုန်းက ပရုတ်ချိုချဥ်လုံးများ စားရသကဲ့သို့ ရင်ထဲမှာ ရှိန်းရှိန်းဖိန်းဖိန်းခံစားရသည်။မြန်မာ့ဂန္ထဝင်တွင် သာချင်းဆိုသောအဖွဲ့အနွဲ့တစ်မျိုးရှိ၏။ထိုသာချင်းများစွာထဲ၌ မင်းဇေယျရန္တမိတ်၏ ဥတေနသာချင်းသည် ထင်ရှားသော သာချင်းတစ်ပုဒ်ဖြစ်သည်။ဥတေနသာချင်းသည် မြန်မာသက္ကရာဇ် ၉၆၇-၁၁၁၄ ခုနှစ်ကာလအတွင်း ပေါ်ပေါက်ခဲ့ သာချင်းဖြစ်၏။ထိုသာချင်းကို မင်းဇေယျရန္တမိတ်သည် နန်းဘုံသီဟာဘွေအလယ်၌ ရေးသားပြီးစီးခဲ့သည်မဟုတ်။ ကျွန်တော့်ဇာတိမြေ ကလေးမြို့ ၊ကလေးဝအနီးက ရွှေသမင်တောင်တန်းပေါ်၌  ရေးသားပြီးစီးခဲ့ခြင်း ဖြစ်သည်။ အောက်ပါဥတေနသာချင်းနိဂုံးကို ဖတ်ကြည့်လျှင် သိသာပါသည်။ *ဇေယျရန္တမိတ်၊ပဏ္ဍိတ်ထင်ပေါ်၊ပြည်တိုင်းကျော်သည်၊စာတော်ဆိုလျှင်။အလိုအလျောက်၊ ၊ ချင်းတွင်းရေညို၊တိုးလျှိုရစ်ဆို့၊မစိန်မြို့ကို၊နတ်ပို့ရောက်သနှင့်။အထောက်မရှည်၊အင်းကျယ်မည်တွင်၊ရေရှင်ချောင်းကန့်၊နဖူးပြန့်ဝယ်၊လေးတန့်စက်နေ၊ရွှေသမင်တောင်၊ဝေမှောင်ခြိမ့်အက်၊တောင်ထိပ်ထက်တွင်၊ရေးကွက်ချယ်ပြီး၊  ၊ဓားလွယ်ခုတ် လှီးခဲ့သည် နတ်တီးစည်။ဇာတိမြေ တစ်ခေါက်တစ်ကျင်းပြန်ဖြစ်လျှင်တော့ ရွှေသမင်တောင်တန်းနှင့်မစိန်ရွာကြီးကို ဂန္ထဝင်မျက်လုံးဖြင့် ကြည့်မိဦးမည်ထင်ပါသည်။ အောင်မှူးဝေ

ရန်သူက ဘယ်သူလဲဆန့်ကျင်တိုက်ခိုက်ရမယ့်အရာက မကောင်းမှု မတရားမှု အရှက်အကြောက်ကင်းမဲ့မှုတွေပဲ။ဘဝကိုတိုက်ခိုက်ရမှာမဟုတ်ဘူး။ဘဝဆိုတာ မကောင်းမှုမဟုတ်ဘူး။ ပေါလ်ကေရပ်

လောကမိသားစု
ဂလိုဘယ် လိုက်ဇေးရှင်းထက်ထောင်စုနှစ်ကြီးစောပြီးတော့ သက္ကတစကားလုံးတစ်ခုပေါ်ခဲ့၏။
ဝသုဓေဝ ကုဋုမ္ဗကံ=ကမ္ဘာလောကတစ်ခုလုံးသည် အိမ်ထောင်မိသားစုကြီးတစ်ခုဖြစ်သည် ဆိုသောစကားပင်ဖြစ်သည်။ ပါရဂူ သန္တိနှင့်သုခ…မှ
လူ၏ခွန်အားလူသားများကို ချစ်ခင်ကြင်နာခြင်းသည်လူသား၏ အကြီးမားဆုံးခွန်အားဗလဖြစ်သည်။ ပါရဂူ၏ လူ့ဘဝ…မှ

နေမင်းလမင်း သိန်းရာထောင်ဆင်ဖြူကျွန်းအောင်သိန်းရဲ့နေမင်းလမင်းသိန်းရာထောင် ခေါင်းစဉ်က မြဝတီမင်းကြီးဦးစရဲ့ ထူးမခြားနား ပတ်သီချင်းခံထဲက စာသားပါ။ဂန္ထဝင်စာတွေထဲက စကားလုံးတွေ လှတဲ့အခါ ခေတ်စကားလုံးတွေလိုက်မမီတာမျိုးရှိတတ်ပါတယ်။ဒီအခါမှာ ဂန္ထဝင်နှံ့စပ်တဲ့စာရေးဆရာကို ဖမ်းစားတော့တာပဲလေ။အဟောင်းတွေဆိုပြီး အသုံးမပြုဘဲထားလို့ ဘယ်ဖြစ်မလဲ။

ပါရမီမစုံသော နားများ
ပါရမီမစုံ၊နားနှင့်ကြုံလျှင်၊ဂုဏ်ထူရောင်းရောင်း၊အရကောက်ကောင်းကောင်း၊နားညောင်းသူယဉ်ယဉ်၊ပွဲမှာယှဉ်ရဲမှ၊အစဉ်အောင်သည်၊ထောင်လှသည့်ပညာ၊မင်းသုံးသည့်စာကို၊တောနားနှင့်နာလို့ မဖြစ်သာချေဘူး။ ရွှေတောင်နန္ဒသူ၏ငွေတောင်ရကန်…မှ

မဆဲချင်ပါဘူး
ဆေးတံတိုသောက်၊မောက်ကလူဆောင်း၊လုတစ်ချောင်းငင်၊အဆင်မွဲတေ၊တုံးပေကတ်စ၊ငရိုင်းပျမှာ၊မင့်နှမကိုဘယ့်နှယ်၊မင့်အမယ်ကိုဘယ်နဲ၊ကျယ်တယ်တယ် ဆဲပေလိမ့်မည်၊တစ်ပဲမျှထီမထင်ဘူး။အသွင်ပျော့ပျောင်း၊မိကောင်းဖသား၊ကွမ်းစားသည့်နှုတ်၊ဗုဒ္ဓံသရဏံ၊ဓမ္မံပါသံဃံပါ၊ဧသာဉတ္တိ၊ဂါထိဂါထာ၊ကောင်းစွာရွတ်လေ့ပေသသူ၊ ၊တစ်ခွန်းဆဲ၊ရွှေတစ်ခွဲပေးပမည်၊သုံးလေးငါးရက်၊ဆက်၍ထွေထွေ၊တိုက်တွန်းပလေစေ၊ရွှေမလိုငွေမလို၊မြေမျိုမလောက်၊ဆဲဆိုလို့ဘာရ၊ဘာပြုရမှာတုံ့၊စာမရီမျိုး၊ကျိုးနပ်မှစိတ်တူသို့။  ။ ဦးတိုး၊ရာမရကန်…မှ

Red News Agency – ဆက်လက်ဖော်ပြပါမည်။

By Editor

Leave a Reply

Your email address will not be published. Required fields are marked *