တိုင်းပြည်ကိုချောက်ထဲဆွဲချနေသော လက်ယာအစွန်းရောက်ဝါဒီများ

“အမျိုးသားရေးဝါဒ” (Nationalism) နဲ့ပတ် သက်လို့လည်း နည်းနည်းလောက် ဆွေးနွေးတင်ပြပါရစေ။ အမျိုးသားရေးဝါဒဆိုတာ သူ့ဟာသူ ရှိနေတယ်၊ အစွန်းမရောက်ဘူးဆိုရင် အင်မတန် ကောင်းပါတယ်၊ အပြစ်မဟုတ်ဘူးလို့ မြင်ပါတယ်။ ကိုယ့်အမျိုးကိုယ့်ချစ်တာ ကောင်းတာပေါ့ဗျာ။ ဒါပေသိ ကိုယ့်အမျိုးကိုယ်ချစ်ဖို့အရေးမှာ သူများတစ်ပါးရဲ့ အမျိုးဘာသာတွေကို မုန်းစရာ မလို၊ ရန်လိုဖို့ မလိုဘူးလေဗျ

တေဇာဆန်း

ဒီနိုင်ငံမှာ အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုရဲ့ သမိုင်းအစဉ်အဆက် စွဲကိုင်လာတဲ့ နိုင်ငံရေး ကျောထောက် နောက်ခံ အယူဝါဒဟာ ဝါဒကြီး (၃) ရပ်ကို အခြေခံပြီး အဲ့ဒီဝါဒတွေကို သူတို့ လိုရာဆွဲ ပုံဖော်၊ လိုသလို ပုံဖျက်၊ နားလည်၊ ရောပြွန်းထားရာကနေ ဆင်းသက်တယ်လို့ ပညာရှင်အချို့က သုံးသပ်ကြတယ်။ အဲ့ဒါတွေကတော့-

၁။ အမျိုးသားရေးဝါဒ (Nationalism)

၂။ ဆိုရှယ်လစ်ဝါဒ (Socialism)

၃။ ဗုဒ္ဓဝါဒ (Buddhism) တို့ ဖြစ်ပါသတဲ့။

ပြောရရင် ဒီဝါဒတွေဟာ သူ့ဟာနဲ့ သူ၊ အမှန်အတိုင်း၊ အရှိပကတိအတိုင်းဆိုရင် အနှစ်သာရသဘောအရ အင်မတန်ကောင်းမွန်ကြပါတယ်။ သို့သော် ခက်တာက ဒီဝါဒတွေကို စစ်အုပ်စုက သူတို့ လိုသလို ပုံဖျက်၊ တလွဲအသုံးချ၊ ရောသမမွေပြီး ပေါက်တတ်ကရ နားလည်မှတ်ယူနေကြတာပဲ။

အဲ့လို ဝါဒတွေကို ရောကျောစုပေါင်း စပ်ပေါင်းလိုက်တဲ့အခါ ဒီစစ်အုပ်စုအတွက် သူတို့ကိုယ်သူတို့ အယူဝါဒရေးရာအရ ကျားကန်ပေးမယ့် “လက်ယာစွန်းရောက်၊ စစ်တပ်ကြီးစိုးရေးဝါဒ” (Far-right, Military Supremacy, Extremism) ဆိုတာကြီး ဖြစ်လာတော့တာပဲ။ ဒါအစွန်း ရောက်ဝါဒကြီးကပဲ ကျနော်တို့တိုင်းပြည်ကို ဒုက္ခလှလှ ပေးနေတာပဲ။

ဒီနိုင်ငံအတွက် ကံပိုဆိုးစေတာက စစ်အုပ်စုနဲ့ ထပ်တူမကျပေသိ၊ အယူဝါဒသဘောတရားအရ များစွာဆက်စပ်၊ နှီးနွယ်တဲ့ အခြားသော ဝါဒီတွေကလည်း လူအဖွဲ့အစည်းကြားထဲမှာ တည်ရှိနေတာပဲ။ အဲ့ဒီလူအုပ်စုတွေကတော့ ရှေးရိုးစွဲ တရားသေ ကွန်ဆာဗေးတစ်သမားများ (Dogmatic Conservatives) များဖြစ်တယ်။ သူတို့က ဒီနိုင်ငံမှာရှိနေတဲ့ ဓလေ့ထုံးစံ၊ အစဉ်အလာ စတာတွေကိုပဲ နှုန်းစံတန်ဖိုး၊ အမှန်တရားအဖြစ် လှေနံဓားထစ်၊ တစ်သဝေမတိမ်း လက်ခံကြတယ်။ သူတို့နဲ့ အသွေးအ မွေး မတူ၊ အယူအစ မူကွဲတဲ့ အရာ၊ လူတွေကို မိစ္စာဒိဋ္ဌိလောက်သဘော ရှုမြင်ကြတယ်။

အဲ့ဒီတော့ ကိုယ်ဘာသာကိုယ် သတ်မှတ်ထားတဲ့ Guardianship Mindset ရှိတဲ့ အမြဲတမ်းကြီးစိုးဗိုလ်ကျချင်တဲ့ စစ်အုပ်စုရယ်၊ ရှေးရိုးစွဲ တရားသေ ကွန်ဆာဗေး တစ်သမားတွေရယ် စုဖွဲ့ထားတဲ့ “လက်ယာအစွန်းရောက်ဝါဒ” (Far-right Extremism) ဂိုဏ်းကြီးဟာ ဒီနိုင်ငံကို ဒုက္ခပေးနေတာပဲဗျို့။ တကယ်တော့ သူတို့ရဲ့ လက်ယာစွန်းဝါဒဟာ ကမ္ဘာမှာ လက်ယာအစွန်းဆုံးဆိုတဲ့ နာဇီဝါဒ၊ ဖက်ဆစ်ဝါဒနဲ့ကို အတော်နီးစပ်နေပါပြီ၊ ထပ်တူကျလု နီးနီးပါပဲ။

ဒီနေရာမှာ “အမျိုးသားရေးဝါဒ” (Nationalism) နဲ့ပတ် သက်လို့လည်း နည်းနည်းလောက် ဆွေးနွေးတင်ပြပါရစေ။ အမျိုးသားရေးဝါဒဆိုတာ သူ့ဟာသူ ရှိနေတယ်၊ အစွန်းမရောက်ဘူးဆိုရင် အင်မတန် ကောင်းပါတယ်၊ အပြစ်မဟုတ်ဘူးလို့ မြင်ပါတယ်။ ကိုယ့်အမျိုးကိုယ့်ချစ်တာ ကောင်းတာပေါ့ဗျာ။ ဒါပေသိ ကိုယ့်အမျိုးကိုယ်ချစ်ဖို့အရေးမှာ သူများတစ်ပါးရဲ့ အမျိုးဘာသာတွေကို မုန်းစရာ မလို၊ ရန်လိုဖို့ မလိုဘူးလေဗျာ။

ရှိသင့်၊ ထားသင့်တဲ့ အမျိုးသားရေးဝါဒနဲ့ ပတ်သတ်ပြီး ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲက ပေးတဲ့ဥပမာအတိုင်းပြောရရင် (မရိုသေ စကား)၊ အမျိုးသားရေးဝါဒဆိုတာ သဘောသဘာဝအရ “လူ့လိင်စိတ်” နဲ့ တူပါသတဲ။ လူသားတစ်ဦးမှာ “လိင်စိတ်” မရှိဘူးဆိုရင် အဲ့ဒါ ပုံမှန်မဟုတ်ပါဘူး၊ ရောဂါတစ်မျိုးလို့တောင် ပြောလို့ရပါသတဲ့။ သို့ပေသိ၊ “လိင်စိတ်” ကြီးက အချိန်ပြည့်ရှိနေ၊ သူ့အကြောင်းပဲ အမြဲတွေးတော၊ ဆောင်ရွက်နေမယ်ဆိုရင်လည်း အဲ့ဒါက ပုံမှန် မဟုတ်ပြန်ပါဘူး။ ဒါလည်း ရောဂါတစ်မျိုးပါပဲ။

ဒီတော့ ဆိုလိုတာက “အမျိုးသားရေးဝါဒ” ဆိုတာမျိုးက လူတွေရဲ့ “Unconscious Mind” ထဲမှာ သူ့ဟာသူ ပုံမှန်ရှိနေရမယ့် စိတ်မျိုးပါ။ ငြိမ့်ညောင်းသာယာစွာ စီးဆင်းနေတဲ့ ကြည်လင်အေးမြတဲ့ စမ်းချောင်းလေးတစ်ခုရဲ့ ရေအ လျဉ်လိုပဲ “အမျိုးသားရေးဝါဒ” ဆိုတာက အေးအေးချမ်းချမ်း ညင်ညင်သာသာ ရှိနေရမယ့် စိတ်သဘာဝမျိုးပါပဲ။

အခုတော့ ဒီနိုင်ငံမှာဖြစ်နေတာက “လက်ယာစွန်းရောက်ဝါဒီ စစ်အုပ်စု” က အမျိုးသားရေးတို့၊ ဘာသာရေးတို့ကို အရေခြုံဗန်းပြကြလေ့ရှိတယ်။ သူတို့သည်သာ “မောင်မျိုးချစ်၊ မယ်မျိုးချစ်တွေ” ပေါ့။ တကယ်တော့ အဲလိုလည်း “အမျိုး၊ ဘာသာ၊ သာသနာ” ကို အမှန်အတိုင်း အနှစ်သာရရှိရှိ၊ လေးလေးနက်နက်၊ နားလည်၊ လက်ခံ၊ ကြည်ညိုကြတာ မဟုတ်ပါဘူး။ သူတို့အမြဲထာဝရ ဗိုလ်ကျကြီးစိုးရေး၊ သူတို့နဲ့ အလိုမတူတွေကို နှိပ်ကွပ်ရေးအတွက်သာ အမျိုးသားရေးကို လိုရင်လိုသလို အကြောင်းပြ၊ သုံးစွဲတာပါ။

ဒီစစ်အုပ်စုရဲ့ “ဘာသာရေးမှိုင်း၊ မျိုးချစ်မှိုင်း” မိနေကြတဲ့ ရိုးရိုးသားသားသူတွေ (အထူးသဖြင့် ရဟန်းရှင်လူ၊ ဗမာပြည်သူတွေ) အတော်လေး ရှိခဲ့ကြဖူးတယ်။ အခုတော့ အများစုက ဒီမှိုင်းကို ကျော်ပြီး အမှန်အတိုင်း မြင်လာကြပါပြီ။ အမှန်အတိုင်း မမြင်ကြသေးသူတွေလည်း အမြန်ဆုံး သိရှိနားလည်၊ သဘောပေါက်ကြပါတော့လို့ အနူး အညွတ် တောင်းပန်ပါရစေ။

အကြမ်းဖက်စစ်အုပ်စုက သူတို့ကို ဆန့်ကျင်တယ်ဆိုရင် “တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ပိဋကတ် သုံးပုံအာဂုံ ဆောင် အရှင်သုမင်္ဂလာလင်္ကာရ” တို့၊ “မစိုးရိမ်တိုက်သစ် မဟာနာယက ဆရာတော်ဘုရားကြီး ဦးရာဇဓမ္မာဘိဝံသံ” တို့လို သာသနာရဲ့ နေလိုလလို ဆရာတော်ကြီးတွေကိုလည်း အတင်းအဓမ္မ ဖမ်းဆီး၊ လူဝတ်လဲ၊ ထောင်ချခဲ့တဲ့ သမိုင်းတွေကလည်း လောလောလတ်လတ်ပဲ ရှိပါသေးတယ်။ မဝေးလှသေးတဲ့ ၂၀၀၇ ရွှေဝါရောင်အရေးတော်ပုံကြီးမှာလည်း ရဟန်းပေါင်းများစွာကို သတ်ဖြတ်၊ ဖမ်းဆီး၊ နှိပ်စက်ခဲ့ သာဓကလည်း ထင်ရှားရှိနေပါတယ်။

တကယ်တော့ ဒီအကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုဟာ ခေတ်အဆက်ဆက်မှာ သူတို့ကိုယ်သူတို့ “အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းသူ” အဖြစ် ပုံဖော်နေခြင်းဟာ သူတို့ အကျိုးစီးပွားအတွက် အကာအကွယ် (Protective Shield) အဖြစ်သာ အရေခြုံ ထားခြင်းဖြစ်ပါတယ်။ တကယ့်အနှစ်သာရကတော့ ဒီနိုင်ငံမှာ သူတို့ထာဝရ ဗိုလ်ကျအုပ်ချုပ်နိုင်ရေး၊ အာဏာရှိရေးနဲ့ သူတို့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးပဲ ဖြစ်ပါတယ်။

ကျနော်တို့ ပြည်သူလူထုတစ်ရပ်လုံး ဒီ “လက်ယာအစွန်း ရောက်ဝါဒီ” တွေရဲ့ အန္တရာယ်ကို နားလည်၊ သဘော ပေါက်နိုင်ကြပါစေသား။

အဖိနှိပ်ခံ ပြည်သူတစ်ရပ်လုံး သွေးစည်းကြလော့။ ဘုံရန်သူကို တိုက်ခိုက်ကြလော့။ ဘုံပန်းတိုင်ကို ရှေးရှုကြလော့။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *