RNA_နိုဝင်ဘာ(၂၃)၊၂၀၂၆ခုနှစ်။
ထိုင်းဘုရင်စနစ်ကို လူမှုကွန်ရက်၌ ဝေဖန်ခဲ့သည့် ထိုင်းလွှတ်တော်အမတ် ရစ်ချာနွတ် “အိုက်စ်” ဆရီနော့ (Rukchanok “Ice” Srinork) ကို တော်ဝင်အသရေဖျက်မှု ပုဒ်မ (၁၁၂) အရ ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့ကြောင်း အယူခံတရားရုံးက ယနေ့ (နိုဝင်ဘာ ၂၃ ရက်) အမိန့်ချမှတ်ခဲ့သည်။
ယနေ့ နံနက်ပိုင်း အယူခံတရားရုံးသို့ ရောက်လာသည့် ရစ်ချာနွတ်သည် အမည်းရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားကာ တည်ငြိမ်ပြီး ယုံကြည်မှုအပြည့်ဖြင့် သူမကို ထောက်ခံသူများအား နှုတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။
“ကျွန်မ အပြစ်မရှိဘူးဆိုတာ အပြည့်အဝယုံကြည်ပါတယ်။ ကျွန်မ အလုပ်တွေကို ဆက်လုပ်နေဦးမှာပါ။ ဒီနေ့ ကျွန်မကို လာရောက်အားပေးထောက်ခံသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီကိစ္စတွေပြီးသွားရင် ကျွန်မတို့ ထပ်ဆုံကြတာပေါ့”ဟု တရားရုံးသို့ မဝင်မီ ရစ်ချာနွတ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
ရစ်ချာနွတ်သည် ၂၀၂၀ ခုနှစ်က ထိုင်းတော်ဝင်ဘုရင် မဟာဝိဇယလောင်ကွန်း ပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုနှင့် ကိုဗစ်ကာလ ဆေးဝါးထုတ်လုပ်ရေးအပေါ် ဝေဖန်မှုများကို Tweeter (ယခု X) ၌ ပြန်လည်မျှဝေမှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် တော်ဝင်အသရေဖျက်မှုနှင့် ကွန်ပျူတာရာဇဝတ်မှု ဥပဒေတို့ဖြင့် တရားစွဲဆိုခံရခြင်းဖြစ်သည်။
ယင်းနောက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၁၃) ရက်တွင် သူမအား ထိုင်းရာဇဝတ်မှုဆိုင်ရာတရားရုံးက ထောင်ဒဏ် (၆) နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယင်းအချိန်က Move Forward ပါတီ ခေါင်းဆောင်ဟောင်း Chaithawat Tulathon က ဘတ်ငွေ (၅) သိန်းဖြင့် အာမခံရယူခဲ့ကာ အယူခံဝင်ခဲ့ပြီးနောက် ကွန်ပျူတာရာဇဝတ်မှုဥပဒေကို ပယ်ဖျက်ပေးခဲ့ကာ အမှုဆက်လက်ရင်ဆိုင်ပြီးနောက် တော်ဝင်အသရေဖျက်မှုဖြင့် ထောင်ဒဏ် (၃) နှစ် ပြင်ဆင်ချမှတ်ခဲ့ခြင်းဖြစ်သည်။