ရေးမြို့နယ်တောင်ပိုင်း ထိတွေ့ပစ်ခတ်မှုအတွင်း စစ်အုပ်စုဗိုလ်ကြီးအပါအဝင် (၅) ဦး သေဆုံး

RNA_နိုဝင်ဘာ(၂၁)၊၂၀၂၆ခုနှစ်။

မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း၌ စစ်အုပ်စုတပ်ဖွဲ့နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု ဗိုလ်ကြီး ဇော်မျိုးအောင်အပါအဝင် (၅) ဦး သေဆုံးခဲ့ကြောင်း MSRF ထံက သိရသည်။

နိုဝင်ဘာ (၂၀) ရက် နေ့လည် (၃) နာရီခွဲဝန်းကျင်က ခေါဇာမြို့အခြေစိုက် စစ်အုပ်စု အမှတ် (၃၁) ခြေလျင်တပ်ရင်း (ခလရ ၃၁) သို့ ပြန်လာသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များကို MSRF တပ်ဖွဲ့မှ ပြောက်ကျားတိုက်ခိုက်ခဲ့မှုကြောင့် စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုရှိခဲ့ကာ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က ပြောက်ကျားပစ်ခတ်မှုဖြစ်စဉ်မှာ အဓိကကတော့ တပ်ရေးဗိုလ်ကြီးကို အဓိကထား တိုက်ခိုက်တာပဲ ဖြစ်တယ်။ ရေးမြို့မှ ခလရ (၃၁) ခေါဇာမြို့ကို ပြန်လာတယ်ဆိုတဲ့ သတင်းကို ရရှိပြီးတော့ သွားရောက်ပစ်ခတ်တိုက်ခိုက်တာဖြစ်တယ်”ဟု MSRF ပြန်ကြားရေးတာဝန်ခံ မိတလဉာဏ်က Red News Agency ကို ပြောသည်။

စစ်အုပ်စုနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာသည် ရေးမြို့နှင့် ခေါဇာမြို့လမ်းပိုင်း ရင်းရယ်ရွာနှင့် မဟယ်ရွာကြား၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကားပေါ်ပါလာသည့် တပ်ရေးဗိုလ်ကြီး၊ တပ်ကြပ်ကြီးနှင့် မိသားစုဝင်တို့ သေဆုံးခဲ့ကြောင်း၊ တပ်ရေးဗိုလ်ကြီးကိုသာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိသားစုဝင်များ ပါလာမည်ဆိုသည်ကို သိရှိထားခြင်းမရှိကြောင်း မိတလဉာဏ်က ပြောသည်။

ထိတွေ့ပစ်ခတ်မှုအတွင်း စစ်အုပ်စုထံမှ MA-3 (၁) လက်၊ MA ကျည်ဘောက် (၃) ခု၊ MA ကျည်တောင့် (၁၀၀) ဝန်းကျင်၊ ပစ္စတို MA5 (၁) လက် နှင့် ဖုန်း (၁) လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၉) ရက် ညပိုင်းကလည်း ခလရ (၃၁) တပ်ရင်း အဝင်ဂိတ်ကို MSRF တပ်ခွဲ (၁) မှ ပြောက်ကျားတိုက်ခိုက်ခဲ့မှု လုပ်ဆောင်ခဲ့ကြောင်း၊ ထိတွေ့တိုက်ပွဲ (၁၅) မိနစ်ဝန်းကျင် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း MSRF က ထုတ်ပြန်ထားသည်။

By RNA Editor