တရုတ်တရားသူကြီးက မြန်မာဘက်မှရပ်တည်၍ ICJ ၏ အပြီးသတ်ဆုံးဖြတ်ချက်များထဲမှ (၁၂) ချက်ကို ကန့်ကွက်မဲပေးခဲ့

RNA_နိုဝင်ဘာ(၂၁)၊၂၀၂၆ခုနှစ်။

မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှု၌ အပြစ်ရှိကြောင်း နိုင်ငံတကာတရားရုံး (ICJ) က ဆုံးဖြတ်ခဲ့ချိန် တရုတ်တရားသူကြီး ရွှဲဟန်ကျင်း (Xue Hanqin) သည် မြန်မာဘက်မှ ရပ်တည်ကာ ICJ ၏ ဆုံးဖြတ်ချက် အချက်အလက်များအပေါ် ကန့်ကွက်မဲ (၁၂) မဲ ပေးခဲ့ကြောင်း ICJ မှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

ICJ တရားရုံးတွင် မြန်မာနှင့် ဂမ်ဘီယာနိုင်ငံတို့အကြား (၇) နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ရသည့် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်၍ ICJ က နိုဝင်ဘာ (၁၉) ရက်တွင် အပြီးသတ်အမိန့် ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်ပြီး အချက်ပေါင်း (၁၃) ကို မဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းအချက်များထဲမှ တစ်ချက်ချင်းစီအလိုက် ICJ တရားသူကြီး (၁၅) ဦးက ထောက်ခံမဲ သို့မဟုတ် ကန့်ကွက်မဲများ ပေးခဲ့ကြခြင်းဖြစ်ပြီး တရုတ်တရားသူကြီးဖြစ်သူ ရွှဲဟန်ကျင်း မြန်မာဘက်မှ ရပ်တည်ကာ ICJ ၏ ဆုံးဖြတ်ချက်အချက်အလက်များထဲမှ နံပါတ် (၃) အချက်ကိုသာ ထောက်ခံခဲ့ပြီး ကျန်အချက်အားလုံးကို ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

တရုတ်တရားသူကြီး ထောက်ခံခဲ့သည့် နံပါတ် (၃) အချက်သည် “ရိုဟင်ဂျာများအား အရပ်သားပြည်သူများက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်စေရန် မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး သဘောတူစာချုပ်ပါ တာဝန်ဝတ္တရားများကို ချိုးဖောက်ပြီး တိုက်ရိုက်နှင့် လူသိရှင်ကြား လှုံ့ဆော်ခဲ့ခြင်းမရှိကြောင်း တွေ့ရှိရသည်ဟု တရားရုံး ဆုံးဖြတ်သည်”ဟု ဖော်ပြထားခြင်း ဖြစ်သည်။

ယင်းအချက်အပေါ် ICJ တရားရုံး၏ ဆုံးဖြတ်ချက်ကို တရုတ်တရားသူကြီးက ထောက်ခံခဲ့ခြင်းဖြစ်ပြီး ကျန်အချက်အားလုံးကို ကန့်ကွက်ခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းအခြေအနေအပေါ် နိုဝင်ဘာ (၂၀) ရက်က ပြုလုပ်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲ၌ AFP သတင်းထောက်က တရုတ်တရားသူကြီးအား တရုတ်အစိုးရဘက်မှ ညွှန်ကြားချက်ပေးမှုရှိခဲ့သလားဟု မေးမြန်းခဲ့ချိန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ကွမ်ကျားခွန် (Guo Jiakun) က မရှိခဲ့ကြောင်း၊ လွတ်လပ်စွာ တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားထားသည်။

တရားသူကြီး ရွှဲဟန်ကျင်းသည် နိုင်ငံတကာဥပဒေနှင့် အမှုဖြစ်စဉ်အချက်များအပေါ် အခြေခံကာ ၎င်း၏ ကျွမ်းကျင်မှုနှင့် အသိပညာကို အသုံးပြုပြီး သဘောထားအမြင်များကို ဖော်ပြခဲ့ခြင်းသာဖြစ်ကြောင်း၊ ၎င်း၏ တာဝန်ဝတ္တရားများကို လွတ်လပ်၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ခြင်းသာဖြစ်ကြောင်း ကွမ်ကျားခွန်က ပြန်လည်ဖြေကြားထားသည်။

ထို့ပြင် ရိုဟင်ဂျာများအား ပြန်လည်နေရာချထားရေးနှင့်ပတ်သက်၍ တရုတ်အစိုးရအနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးတို့ တွေ့ဆုံဆွေးနွေးမှုနှင့် ညှိနှိုင်းမှုများ ပိုမိုကောင်းမွန်လာစေရန် ထောက်ခံရပ်တည်သွားမည်ဖြစ်ကြောင်း၊ အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ရပ်တည်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားထားသည်။

By RNA Editor