RNA_နိုဝင်ဘာ(၁၈)၊၂၀၂၆ခုနှစ်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့ပေါင်း (၅) မြို့ကို စစ်အုပ်စုက (၄) ရက်ဆက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၁၄) ဦး သေဆုံးခဲ့ပြီး (၂၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AA သတင်းပြန်ကြားရေးက နိုဝင်ဘာ (၁၇) ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။
AA တပ်တော် ထိန်းချုပ်ထားသည့် ချင်းပြည်နယ် ပလက်ဝမြို့အပါအဝင် ရခိုင်ပြည်နယ်ထဲရှိ သံတွဲ၊ ကျောက်တော်၊ စနဲနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ရှိ အရပ်သားပြည်သူများ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများကို စစ်အုပ်စုက နိုဝင်ဘာ (၁၆) ရက်နှင့် (၁၇) ရက်တို့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
နိုဝင်ဘာ (၁၇) ရက်က နံနက် (၁၁) နာရီခွဲဝန်းကျင်က သံတွဲမြို့ အမှတ် (၁) ရပ်ကွက် GTI ကျောင်းအနီးဝန်းကျင်ကို စစ်အုပ်စုက ဂျက်ဖိုက်တာလေယာဉ် (၂) စင်းဖြင့် (၂) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ (၂) ဦး သေဆုံးခဲ့ပြီး (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ (၁၆) ရက် ည (၁၁) နာရီခွဲဝန်းကျင်ကလည်း ကျောက်တော်မြို့ စိုက်ပျိုးရေးသိပ္ပံကျောင်းနှင့် အနီးဝန်းကျင်ကို စစ်အုပ်စုက ဂျက်ဖိုက်တာလေယာဉ် (၃) စင်းဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် စိုက်ပျိုးရေးသိပ္ပံကျောင်း လုံးဝပျက်စီးခဲ့ပြီး အရပ်သား (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းနေ့ နံနက် (၁) နာရီဝန်းကျင်က ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ရွာကို ဂျက်ဖိုက်တာလေယာဉ် (၅) စင်း၊ Y-12 လေယာဉ် (၁) စင်းတို့ဖြင့် တစ်နာရီနီးပါးကြား ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း AA တပ်တော်က ဖော်ပြထားသော်လည်း ထိခိုက်သေဆုံးမှုနှင့် နေအိမ်ပျက်စီးမှုအခြေအနေကို သီးခြားဖော်ပြထားခြင်း မရှိပေ။
ထို့ပြင် AA တပ်တော်ထိန်းချုပ်ထားသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ် သူဌေးကုန်းရွာအနီးဝန်းကျင်ကို စစ်အုပ်စုက ဂျက်ဖိုက်တာလေယာဉ် (၄) စီး၊ Y-12 (၁) စီးတို့ဖြင့် နိုဝင်ဘာ (၁၄) ရက် ည (၈) နာရီမှ (၉) နာရီကျော်အထိ တစ်နာရီကျော်ကြာ ပေါင် (၅၀၀) ၊ ပေါင် (၃၀၀)၊ ပေါင် (၂၀၀)၊ Rocket နှင့် Drop Bomb များအပါအဝင် စုစုပေါင်း ဗုံးအလုံးရေ (၅၀) နီးပါး ကြဲချတိုက်ခိုက်ခဲ့ကြောင်း AA က ဖော်ပြထားသည်။
သူဌေးကုန်းရွာကို စစ်အုပ်စုလေကြောင်းတိုက်ခိုက်ခံရမှုအတွင်း စစ်ဘေးရှောင်ပြည်သူထဲမှ ကိုယ်ဝန်သည်အမျိုးသမီးနှင့် (၃) နှစ်အရွယ် ကလေးတို့အပါအဝင် (၁၂) ဦး သေဆုံးခဲ့ပြီး (၂၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
AA တပ်တော်နှင့် စစ်အုပ်စုတို့ကြား တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူမြို့နယ် စနဲမြို့ တောင်ငူစုရပ်ကွက်ကိုလည်း နိုဝင်ဘာ (၁၄) ရက်နှင့် (၁၅) ရက်တို့တွင် စစ်အုပ်စုက ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများအပြင် စစ်သင်္ဘောများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။