ထိပ်သီးအစည်းအဝေးများမှ မြန်မာကို ဆက်လက်ဖယ်ကျဉ်ထားရန် အာဆီယံ ဆုံးဖြတ်

RNA_နိုဝင်ဘာ(၁၆)၊၂၀၂၆ခုနှစ်။

ဖိလစ်ပိုနိုင်ငံ မနီလာမြို့တွင် ကျင်းပနေသည့် (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ မြန်မာအား ဆက်လက်ဖယ်ကျဉ်ထားရန် အာဆီယံခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

(၅) နှစ်ကျော်ကြာမြင့်လာသည့် ပဋိပက္ခကိုဖြေရှင်းရန် အာဆီယံက ချမှတ်ထားသည့် ဘုံသဘောတူညီချက် (၅) ရပ်ကို မြန်မာနိုင်ငံအနေဖြင့် တိုးတက်အောင် လုပ်ဆောင်လာနိုင်ပါက နိုင်ငံရေးအရ ကိုယ်စားပြုသူများကို အာဆီယံအသိုက်အဝန်းထဲ ပြန်လည်ထည့်သွင်းရန် စဉ်းစားသွားမည်ဖြစ်ကြောင်း အာဆီယံခေါင်းဆောင်များက ဆိုသည်။

ယင်းသို့မဟုတ်ပါက မြန်မာနိုင်ငံအား အာဆီယံထိပ်သီးအစည်းအဝေးများမှ ဆက်လက်ဖယ်ကျဉ်း အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးမှ ခေါင်းဆောင်မှ ကတိပြုခဲ့ကြပြီး အာဆီယံ၏ ကာလရှည်ရပ်တည်ခဲ့သည့် မူဝါဒကို ဆက်လက်စွဲကိုင်ထားမည်ဖြစ်ကြောင်း သိရသည်။

အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို စစ်အုပ်စုက အကောင်အထည်ဖော်ပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် လုပ်ငန်းစဉ်ကို လုပ်ဆောင်နိုင်ပါက ၎င်းတို့၏ ဆောင်ရွက်ချက် အပိုင်းလိုက် တိုးတက်မှုအပေါ် ချိန်ဆထိတွေ့ဆက်ဆံသွားမည်ဖြစ်ကြောင်း အာဆီယံက ပြောကြားထားသည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံ၏ ချဉ်းကပ်မှုပုံစံသည် ပြောင်းလဲလာပြီး ယခင်က အာဆီယံအထူးသံတမန်တစ်ဦးအနေဖြင့်သာ ထိတွေ့ဆက်ဆံမှုမှ ယခုနောက်ပိုင်း၌ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံချင်းစီနှင့်ပါ ထိတွေ့ဆက်ဆံမှုများကို ခွင့်ပြုပေးလာကြောင်း တွေ့ရသည်။

မြန်မာ(စစ်အုပ်စု) တာဝန်ရှိသူများကို အာဆီယံအဝန်းအဝိုင်းထဲ ပြန်လည်ဝင်ခွင့်ရရှိရန် ထိုင်းအစိုးရက ကြိုးပမ်းမှုများရှိနေပြီး စစ်အုပ်စုနှင့် ထိတွေ့ဆွေးနွေးမှုများကို မကြာခဏလုပ်ဆောင်မှုများ ရှိနေခြင်းလည်း ဖြစ်သည်။ ထို့ပြင် မြန်မာ (စစ်အုပ်စု) နိုင်ငံခြားရေးဝန်ကြီးကိုလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ဖိတ်ကြားရန် ထိုင်းအစိုးရက တောင်းဆိုမှုများ ရှိနေသည်။

မြန်မာ့ပဋိပက္ခအရေး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကြိုးပမ်းအားထုတ်နေမှုကို အသိအမှတ်ပြုကြောင်း၊ ဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ရာ၌ အပြုသဘောဆောင်သည့် တိုးတက်မှုများ ဖြစ်ပေါ်ရန်နှင့် မြန်မာ့အရေး သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံရာ၌ အာဆီယံအလှည့်ကျဥက္ကဋ္ဌနှင့် တိုင်ပင်ဆွေးနွေးပြီးမှ ထိတွေ့ဆက်ဆံမှုကို လုပ်ဆောင်ရန်လည်း ပြောကြားထားသည်။

မြန်မာစစ်အုပ်စုက အာဆီယံအဝန်းအဝိုင်းထဲ ပြန်လည်ဝင်ခွင့်ရရန်နှင့် ပုံမှန်အတိုင်း ထိတွေ့ဆက်ဆံနိုင်ရန် ကြိုးပမ်းမှုများရှိနေချိန် (၄၉) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး၌ ဆက်လက်ဖယ်ကျဉ်ခံထားရခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားစုစုပေါင်း (၂၂၉၆၅) ဦး ဖမ်းဆီးခံထားရဆဲဖြစ်ပြီး (၇၇၅၇) ဦးကို အတည်မပြုနိုင်သေးကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာ (၁၃) ရက်တွင် ထုတ်ပြန်ထားသည်။

မြန်မာ့စစ်ရေးပဋိပက္ခအတွင်း သေဆုံးသူ (၁၀၀,၀၀၀) နီးပါးရှိနေပြီး နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ (၃ ဒသမ ၅) သန်းကျော်ရှိကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

By RNA Editor