RNA_အောက်တိုဘာ(၃၀)၊၂၀၂၆ခုနှစ်။
စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှု၊ ပိတ်ဆို့မှုများနှင့် စစ်ရေးပဋိပက္ခများကြောင့် ရခိုင်ပြည်နယ်အတွင်း အငတ်ဘေးကြုံနေရသည့် စစ်ဘေးရှောင်ပြည်သူများအတွက် နိုင်ငံတကာမှ အရေးပေါ်အကူအညီများ အလျင်အမြန်ပေးအပ်ရန် ရခိုင်အရပ်ဖက်အဖွဲ့အစည်းပေါင်း (၇၀) က တောင်းဆိုထားသည်။
ယနေ့ (အောက်တိုဘာ ၃၀ ရက်) ထုတ်ပြန်ချက်၌ ရခိုင်ပြည်နယ်အတွင်း အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်လုပ်ဆောင်နေခြင်းကို ရှုတ်ချကြောင်း၊ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရန်နှင့် အငတ်ဘေးကြုံနေရသည့် ပြည်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရန် တောင်းဆိုထားသည်။
စစ်အုပ်စုက ၎င်းတို့ လက်လွှတ်ထားရသည့် မြို့နယ်များထဲမှ ကျောက်တော်၊ သံတွဲ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ပလက်ဝနှင့် စစ်တွေမြို့အနီးဝန်းကျင်တို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ အရှိန်မြှင့် လုပ်ဆောင်နေမှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနှင့် နေရပ်စွန့်ခွာရသူများ များပြားနေကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ဆိုသည်။



Photo : Wai Hun Aung
ထို့ပြင် အာဏာသိမ်းစစ်အုပ်စု၏ ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့မှုကို ရခိုင်ပြည်သူများ ကြုံတွေ့နေရခြင်း၊ ဓာတ်မြေဩဇာဈေးနှုန်းများ မြင့်တက်လာမှုကြောင့် စိုက်ပျိုးဧက လျော့ကျလာခြင်း၊ ဆေးဝါးနှင့် အခြေခံကုန်ပစ္စည်းများ ပြတ်လပ်နေခြင်းများ ကြုံတွေ့နေရကြောင်း ၎င်းတို့က ဆိုသည်။
လေကြောင်းဗုံးကြဲခံရမှုများနှင့် အဘက်ဘက်မှ ပိတ်ဆို့ခံထားရခြင်းများအပါအဝင် ဆေးဝါးနှင့် အခြေခံ စားသောက်ကုန်များ ပြတ်လပ်မှုတို့ကြောင့် စစ်ဘေးရှောင်ပြည်သူများအပါအဝင် ဒေသခံပြည်သူများ အငတ်ဘေးအန္တရာယ်နှင့် ရင်ဆိုင်လာနေရကြောင်း၊ ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းများလည်း ရင်ဆိုင်နေရကြောင်း ပြောသည်။
စစ်အုပ်စု၏ ၄၉၂၆ စစ်ဆင်ရေး ထိုးစစ်များနှင့်အတူ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနှင့် ရေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုတို့ကြောင့် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်ဖြူ၊ ပေါက်တော၊ တောင်ကုတ်နှင့် မအီဒေသတို့မှ ပြည်သူထောင်ပေါင်းများစွာ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရကြောင်း အာရက္ခဒေသ လေ့လာရေးစင်တာ (CAS) ၏ အစီရင်ခံစာများအရ သိရသည်။
အာရက္ခပြည်နယ် လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ၏ အစီရင်ခံစာအရ ၂၀၂၅ ခုနှစ် အောက်တိုဘာလမှ ၂၀၂၆ ခုနှစ် အောက်တိုဘာလ (၃၀) ရက်နေ့အထိ တစ်နှစ်တာကာလအတွင်း စစ်အုပ်စု၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်သူ ၂၉၈ ဦး သေဆုံးခဲ့ပြီး ၆၇၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ရေးနှင့်မသက်ဆိုင်သည့် အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ တိုက်ခိုက်နေမှုများကို ကန့်ကွက်ရှုတ်ချကြောင်းနှင့် အရပ်သားပြည်သူများကို အကာအကွယ်ပေးရန်အတွက် ရခိုင်ပြည်နယ်အတွင်း လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီများပေးရန် ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် နိုင်ငံတကာအစိုးရနှင့် လူသားစာနာအဖွဲ့အစည်းများကို ရခိုင်အရပ်ဖက်အဖွဲ့များက တောင်းဆိုထားသည်။
Red News Agency