လူမျိုးရေးအဓိကရုဏ်းဖြစ်စေရန် သွေးထိုးလှုံ့ဆော်မှုများကို ကန့်ကွက်ရှုတ်ချကြောင်း MNDAA ပြော

RNA_အောက်တိုဘာ(၂၇)၊၂၀၂၆ခုနှစ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင်း ဒေသခံပြည်သူများအကြား လူမျိုးရေးပဋိပက္ခ အဓိကရုဏ်းဖြစ်ပေါ်စေရန် သွေးထိုးလှုံ့ဆော်မှုများကို ရှုတ်ချကြောင်းနှင့် လူမျိုးရေးပဋိပက္ခဖြစ်စေရန် နှောင့်ယှက်လှုပ်ရှားမှုများကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ယနေ့ (အောက်တိုဘာ ၂၇ ရက်) ထုတ်ပြန်ထားသည်။

ရှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) ၏ အောက်တိုဘာ (၂၃) ရက် ထုတ်ပြန်ကို MNDAA က ပြန်လည်တုံ့ပြန်ပြောဆိုထားခြင်းဖြစ်ပြီး SSJAC ၏ ထုတ်ပြန်ချက်များသည် မြေပြင်အခြေအနေများနှင့် ကင်းကွာနေကြောင်းနှင့် SSJAC ၏ ခြိမ်းခြောက်မှုများကို လုံးဝလက်ခံမည်မဟုတ်ကြောင်းနှင့် အခြေအမြစ်မရှိသော စွပ်စွဲချက်များဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

SSJAC ၏ ထုတ်ပြန်ချက်၌ MNDAA က ၎င်း ထိန်းချုပ်ဒေသအတွင်း ရုံးသုံးဘာသာစကားနှင့် မြေယာပိုင်ဆိုင်မှု ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေမှုသည် ဒေသခံပြည်သူများ၏ မူလအခွင့်အရေးကို ဆိုးရွားစွာ ထိခိုက်စေကြောင်း၊ ယင်းလုပ်ရပ်များအား ကန့်ကွက်သည့် ဒေသခံများကို MNDAA တာဝန်ရှိသူများက ဖမ်းဆီးဖိနှိပ် နှိပ်စက်ခြင်းများ လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။

ထို့ပြင် SSJAC ၏ ထုတ်ပြန်ချက်ပါ အပိုဒ် (၃) ၌ ဒေသခံလူထု၏ ဆန္ဒနှင့်ဆန့်ကျင်သော လုပ်ရပ်များကို MNDAA အနေဖြင့် ချက်ချင်းရပ်တန့်ရန်နှင့် ကန့်ကွက်များကို လျစ်လျူရှုပါက နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ တုံ့ပြန်မှုများကို ပြင်းပြင်းထန်ထန် လုပ်ဆောင်သွားမည်ဟု ပြောကြားချက်အပေါ် ယင်းအခြေအနေသည် ၎င်းတို့အား ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း MNDAA က တုံ့ပြန်ထားသည်။

ယခုကဲ့သို့ ခြိမ်းခြောက်မှုများနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် လူမျိုးရေးပဋိပက္ခဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်လာပါက ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု MNDAA က ပြောဆိုထားပြီး ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို SSJAC အနေဖြင့် တာဝန်ခံရမည်ဟုလည်း တန်ပြန်သတိပေးပြောဆိုထားသည်။

ထို့ပြင် အွန်လိုင်းမီဒီယာများတွင်လည်း အကောင့်တုများဖြင့် တိုင်းရင်းသားများကြား သွေးခွဲခြင်းဖြင့် ကိုယ်ကံကြမ္မာကိုယ်ဖန်တီးခွင့် တည်ထောင်၍မရအောင် နှောင့်ယှက်ဖျက်ဆီးမှုများရှိနေကြောင်း၊ ဒေသတွင်း ပြည်သူများ၏ အကျိုးစီးပွားအတွက် MNDAA အနေဖြင့် အစွမ်းကုန် ကာကွယ်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

By RNA Editor