RNA_အောက်တိုဘာ(၂၃)၊၂၀၂၆ခုနှစ်
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့တွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား စုစုပေါင်း (၁၁) ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ယနေ့ (အောက်တိုဘာ ၂၃ ရက်) သတင်းထုတ်ပြန်ထားသည်။
မြန်မာ=ထိုင်းနယ်စပ် မဲဆောက်မြို့နယ် Wang Kaeo ကျေးရွာ သောင်းရင်းမြစ်အနီးရှီ ကြံစိုက်ခင်းတစ်ခုအတွင်း၌ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများ ထိုင်းအာဏာပိုင်များက ယနေ့ နံနက် (၆) နာရီဝန်းကျင်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိခဲ့သည့် နိုင်ငံခြားသားများထဲတွင် နိုင်ဂျီးရီးယားနိုင်ငံသား (၁) ဦး၊ ပါကစ္စတန်နိုင်ငံသား (၁) ဦး၊ တောင်အာဖရိကနိုင်ငံသား (၁) ဦး၊ အိန္ဒိယနိုင်ငံသား (၂) ဦး၊ ကင်ညာနိုင်ငံသား (၁) ၊ ဗီယက်နမ်နိုင်ငံသား (၁) ဦးနှင့် တရုတ်နိုင်ငံသား (၄) ဦးတို့ပါဝင်ကြောင်း သိရသည်။
ယင်းနိုင်ငံခြားသားများသည် မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) စင်တာမျေား၌ အလုပ်လုပ်ကိုင်ခဲ့သူများဟု ယူဆရပြီး ထိုင်းအာဏာပိုင်များက စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
လက်ရှိ၌ ၎င်းတို့ကို ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် မဲဆောက်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျားဖြန့်အများစုရှိရာ မြဝတီမြို့နှင့်ကပ်လျက်ရှိသည့် မဲဆောက်မြို့တွင်းသို့ သောင်းရင်းမြစ်ကို ဖြတ်ကျော်ကာ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံစုံမှ နိုင်ငံခြားသားများကို ထိုင်းအာဏာပိုင်များက မကြာခဏ ဖမ်းဆီးရမိမှုများရှိခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးမှုများ ရှိနေသည်။