မင်းတုန်းမြို့နယ်ကို စစ်အုပ်စုဗုံးကြဲမှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုရှိ

RNA_အောက်တိုဘာ(၂၃)၊၂၀၂၆ခုနှစ်။

မကွေးတိုင်း မင်းတုန်းမြို့နယ် ရွာသစ်ရွာအနီးကို စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၁) ဦး သေဆုံးပြီး (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သရက်ခရိုင် အမှတ် (၄) တပ်ရင်းက ယနေ့ (အောက်တိုဘာ ၂၃ ရက်) ထုတ်ပြန်ထားသည်။

သရက်မြို့အခြေစိုက် စစ်အုပ်စု အမှတ် (၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၂) မှ တက်လာသည့် ပါရာမော်တာ (၃) စီးသည် အောက်တိုဘာ (၂၂) ရက် ညနေ (၅) နာရီဝန်းကျင်၌ ရွာသစ်ရွာနှင့် ငှက်ပျင်းရွာကြားကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်အုပ်စုက ပါရာမော်တာစက်တပ်ယာဉ်များဖြင့် လယ်ယာလုပ်ငန်းခွင်အတွင်းသို့ ဗုံးသီး (၉) လုံး ကြဲချတိုက်ခိုက်မှုကြောင့် ကြို့ဝကျေးရွာနေ အသက် (၂၅) နှစ်အရွယ် အမျိုးသား (၁) ဦး သေဆုံးခဲ့ပြီး အခြားအမျိုးသား (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယခုလ အောက်တိုဘာ (၁၂) ရက်ကလည်း မင်းတုန်းမြို့နယ် မဲဇလီရွာကို စစ်အုပ်စုက ပါရာမော်တာ (၂) စီးဖြင့် ဗုံးသီး (၈) လုံး ကြဲချတိုက်ခိုက်မှုကြောင့် အသက် (၄၀) နှစ်အရွယ် အမျိုးသား (၁) ဦး သေဆုံးခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သည်။

By RNA Editor