RNA_အောက်တိုဘာ(၁၅)၊၂၀၂၆ခုနှစ်။
နေပြည်တော်၌ မတရားဖမ်းဆီးခံထားရသည့် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် သားဖြစ်သူ ကင်မ်အဲရစ်က ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့ရှိ စစ်အုပ်စုလက်အောက်ခံ သံရုံးသို့ စာပေးပို့တောင်းဆိုခဲ့သော်လည်း လက်မခံကြောင်း ကင်မ်အဲရစ်က ၎င်း၏ လူမှုကွန်ရက်၌ ရေးသားဖော်ပြထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မတရားဖမ်းဆီးခံထားရသည့် မိခင်ဖြစ်သူနှင့် (၅) နှစ်ကျော်ကြာ အဆက်အသွယ်ပြတ်နေသည့် ကင်မ်အဲရစ်က ၎င်းအနေဖြင့် မိခင်ဖြစ်သူကို ပြန်လည်မြင်တွေ့ခွင့်ရလိုကြောင်းနှင့် စကားပြောခွင့်ရလိုကြောင်း အကြိမ်ကြိမ် တောင်းဆိုနေသော်လည်း စစ်အုပ်စုဘက်မှ ငြင်းပယ်နေခြင်း ဖြစ်သည်။
“ပရာ့ဂ်မြို့မှာ ကျွန်တော့်မေမေ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မင်းအောင်လှိုင်ထံ တောင်းဆိုထားတဲ့စာကို မြန်မာသံရုံးကတစ်ဆင့် ပေးပို့ဖို့ ကျွန်တော် ထပ်ပြီး ကြိုးစားခဲ့ပါတယ်။ မျှော်လင့်ထားတဲ့အတိုင်းပဲ သူတို့က စာကို လက်ခံဖို့ ငြင်းဆန်ခဲ့ပါတယ်”ဟု ကင်မ်အဲရစ်က ရေးသားထားသည်။
၎င်းအနေဖြင့် မိခင်ဖြစ်သူနှင့် ပြန်လည်တွေ့ဆုံခွင့်ရရန် ဆက်လက်ကြိုးပမ်းနေမည်ဖြစ်ကြောင်း ပြောထားပြီး သံတမန်ရေးရာအရ စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုများနှင့် လုပ်ဆောင်နေသည့် နိုင်ငံတကာခေါင်းဆောင်များအနေဖြင့်လည်း စစ်အုပ်စု၏ မြန်မာပြည်သူ သန်းပေါင်းများစွာအပေါ် လူ့အခွင့်အရေးချိုးဖောက်နေမှုကိုလည်း သတိပြုရန်လည်း ကင်မ်အဲရစ်က ပြောထားသည်။
အောက်တိုဘာ (၁၁) ရက်က ပရာ့ဂ်မြို့၌ ကျင်းပခဲ့သည့် Forum 2000 ၏ ဆုပေးပွဲအခမ်းအနားသို့ ကင်မ်အဲရစ် တက်ရောက်ခဲ့ပြီး ယင်းအခမ်းအနား၌ နွေဦးတော်လှန်ရေး သပိတ်အင်အားစုအဖွဲ့များမှ ဒေါက်တာတေဇာဆန်း၊ ကိုထက်မြက်အောင်နှင့် ကိုနန်းလင်းတို့ ရဲစွမ်းသတ္တိနဲ့ တာဝန်ယူမှုဆိုင်ရာ နိုင်ငံတကာဆု (International Award for Courage and Responsibility) ရရှိခဲ့မှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် မြန်မာပြည်သူများ၏ မဆုတ်မနစ် ကြိုးပမ်းနေမှုများအား လေးစားကြောင်း ပြောကြားထားသည်။